Monday, October 12, 2009

ကျတော်တွေ့ခဲ့ဘူးသော ၀န်ကြီးတယောက်အကြောင်း

ကျနော်တွေ့ခဲ့ဖူးသော ၀န်ကြီးတယောက်အကြောင်း

ZH


ဘာတွေမှန်းမသိ စိတ်တိုညစ်ညူးလာရုံမက အိပ်တောင်ငိုက်လာခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ညံ့မှန်း ခုမှသိလာခဲ့သည်။ ဆရာမတော့ အားပေးရှာသည်။ နောက်တော့ တတ်သွားလိမ့်မယ် စိတ်မပူပါနဲ့တဲ့။

အဲဒီအချိန်မှာပဲ မော်ကွန်းထိန်းဆရာမက`ခဏ လာခဲ့ပါဦး´လို့ လာခေါ်တော့ စိုးရိမ်သွားခဲ့သည်။ ဘာပြသာနာပေါ်ပြန်ပြီလဲလို့ တွေးလိုက်သည်။ ငါငိုက်နေတာ တွေ့သွားလို့လား၊ ဒါမှမဟုတ် ကန်တင်းမှာ မနက်က တွေ့ခဲ့သော ရုရှားမလေးက တိုင်လိုက်လို့လား။ ကိုယ်ကလည်း ဘယ်နေရာရောက်ရောက် ပြဿနာနဲ့ နပန်းလုံးနေခဲ့သူဆိုတော့ ....

ရုံးခန်းထဲ ရောက်တော့ ”ထွန်းကိုနိုင်ငံရေးပါတီတွေအကြောင်းပြောပြမလို့ပါ”ဆိုတော့မှ တော်သေးတာပေါ့လို့ စိတ်ကို လျော့ချလိုက်ရသည်။

သူ ကွန်ပျူတာကို ဖွင့်လိုက်ပြီး ...

”ဖင်လန်မှာ အဓိကနိုင်ငံရေးပါတီ ၆ ခုရှိတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ ကွန်ဆာဗေးတစ်ပါတီ၊ ခရစ်ယာန်ပါတီ၊ ဆွီဒင်လူမျိုးစုပါတီ၊ လစ် ဘရယ် ဒီမိုကရက်တစ်ပါတီ၊ အလယ်အလတ်ပါတီတို့ ဖြစ်ပြီး ပါတီသေးလေးတွေအနေနဲ့ ကွန်မြူနစ်ပါတီ အမြဲစိမ်း ပါတီနဲ့ ပင်စင်စားများ အဖွဲ့ဆိုတာ ရှိတယ်”

သူ နိုင်ငံရေးပါတီတွေအကြောင်းပြောတော့ ဗမာပြည်က ၅၀၀ တန် ပါတီတွေအကြောင်း ချက်ချင်းပဲ သတိရသွားမိသည်။

”ဒီနိုင်ငံမှာ ပါတီထောင်ရင် မှတ်ပုံတင်တာတို့ ပိုက်ဆံပေးရတာတို့ ရှိပါသလား ဆရာမ”

သူ ခုမှ စပြီး ရှင်းပြရုံရှိသေး မေးခွန်းက တက်လာတော့ သူ ကျနော့်ကို တချက်ကြည့်ပြီး ပြုံးလိုက်သည်။ သူဘာအကြောင်းပဲ ပြောပြော ကျနော်က မေးခွန်းတွေမေးနေကျဆိုတော့ မေးခွန်းမေးတော့မှာ သူမျှော်လင့်ထားပုံရသည်။

”မပေးရပါဘူး ဒါပေမယ့် တခုတော့ရှိတယ် ပါတီဝင် အနည်းဆုံး ၅၀၀၀ ရှိဖို့တော့လိုတယ်။ ဆိုလိုတာက ထောက်ခံမဲ ၅၀၀၀ လိုပါတယ်”

ကျနော်ဆက်ပြီး နားထောင်နေမှန်း သူသိတော့ ”ဂရင်းပိစ်လို့ခေါ်တဲ့ အမြဲစိမ်းပါတီက အဓိက ဂျာမနီမှာရှိတယ်။ အင်အားကောင်းတယ်။ ဖင်လန်မှာတော့ သေးသေးလေးပါ။ ပင်စင်စားအဖွဲ့က ခုချိန်ထိ ကိုယ်စားလှယ်တခါမှ မရဘူးသေးဘူး။ ဂရင်းပိစ်ပါတီက လွတ်တော်ထဲမှာ ပတ်ဝန်းကျင်အကြောင်း ပြောမယ်။ နိုင်ငံခြားသားတွေရဲ့ အခွင့်အရေးတွေအကြောင်းပြောတယ်။ ဆင်းရဲသားတွေကိုထောက်ပံ့ကြေး ကိစ္စတွေကိုပဲ ပြောပါတယ်။ ကွန်မြူနစ်ပါတီ ၂ ခုရှိတယ်”

သူ ဖင်လန်နိုင်ငံရဲ့ နိုင်ငံရေးပါတီတခုချင်းအကြောင်းကို သေသေချာချာ ရှင်းပြနေသည်။ တခါတရံ ပါတီတွေရဲ့ အင်အားကောင်းတဲ့ နေရာတွေကို ကွန်ပျူတာပေါ်ရှိ မြေပုံပေါ်မှာ ထောက်ပြီးရှင်းပြနေခဲ့သည်။ ပါတီတခုချင်း ရှင်းပြပြီးတော့...

”လွတ်တော်မှာ ကိုယ်စားလှယ်နေရာ ၂၀၀ ရှိတယ်။ လွတ်တော်ကို ၁၉၀၇ မှာစပြီး ဖွဲ့ခဲ့ပြီး ရုရှားလက်အောက်မှာ ဘုရင်ခံသဘောမျိုးနဲ့ အုပ်ချုပ်ရပါတယ်။ အဲဒီတုန်းက အစိုးရအဖွဲ့ကို ရုရှားက သဘောတူသူတွေနဲ့မှ ဖွဲ့ခွင့် ရှိပါတယ်”

မြန်မာပြည်မှာလည်း နအဖ သဘောတူမှဖွဲ့လို့ရမယ်ထင်တယ်လို့ ဖြတ်ပြောချင်ပေမယ့် မပြောဖြစ်ခဲ့။ ကျနော်က `ရွေးကောက်ပွဲအကြောင်း နဲနဲလောက်ရှင်းပြလို့ ရမလားဆရာမ´လို့ မေးတော့ ...

”အိုကေ ဖင်လန်မှာ ရွေးကောက်ပွဲ လုပ်တော့မှာဆိုတော့ မနက်ဖြန် ဆိုရှယ်ဒီမိုကရက်တစ်ပါတီရုံးကို သွားကြမယ်။ အဲဒီမှာမေးပေါ့။ သူတို့က ဆရာမထက် ပိုပြီး ပြည့်ပြည့်စုံစုံရှင်းပြပါလိမ့်မယ်။ ကံကောင်းရင် ၀န်ကြီးတွေ လာတာနဲ့ တိုးပြီး ထွန်းမေးချင်တာမေးပေါ့”

ကျနော် အံ့သြစွာဖြင့် `၀န်ကြီးတွေနဲ့ စကားပြောလို့ ရသလား´ဆိုတော့ ...

`ဒီနိုင်ငံမှာ ၀န်ကြီးလဲ လူပဲ။ တွေ့ချင်တဲ့အချိန်တွေ့လို့ရတယ် သမ္မတလဲ တွေ့လို့ရတယ်။ စာရေးလို့လဲ ရတယ်။ ဖင်လန်လို မတတ်လဲ အင်္ဂလိပ်လိုရေး၊ အင်္ဂလိပ်လိုမတတ်လဲ မြန်မာလို ရေး သူတို့သမ္မတရုံးက လူတွေ ဘာသာပြန်ပြီး သမ္မတဆီဆက်တင်ပေးလိမ့်မယ်`

တရားစာအုပ်ထဲကလို `အံ့ဖွယ်ရှိပေစွတကား´ဟု မှတ်ချက်ချရင်း မနက်ဖြန်ကို စောင့်နေခဲ့သည်။

(၂)


သူ့မျက်နှာကို ခိုးကြည့်နေမိသည်။ သူက ကာကွယ်ရေးဝန်ကြီးတဲ့။

ဗမာပြည်က၀န်ကြီးတွေပဲ တွေ့ဖူးတော့ဒါဝန်ကြီးဆိုတာ ယုံဖို့ ခက်နေခဲ့သည်။ သူဝတ်ထားတာက သာမန်ပြည်သူတယောက်နဲ့ ဘာမှမထူးခြား။ ဆရာမ ပြောမပြလျှင် ၀န်ကြီးဆိုတာ သိတောင် သိမှာမဟုတ်။ အနောက်တိုင်းဝတ်စုံပေါ်မှာတော့ သူ့ပါတီ အမှတ်အသားလေးကို ထိုးထားသည်။

ဒီကိုရောက်ခါစ ကိုကျော်ဌေးဆိုသော မိတ်ဆွေတယောက်က ပြောဖူးသည်။

”ဒီနိုင်ငံက ၀န်ကြီးချုပ်ဆိုတာ ကျနော်တို့ကို ကော်ဖီငှဲ့တိုက်နေတဲ့သူဗျ”

ကျနော် ဘာမှ ပြန်မပြောဘဲ ရယ်မောနေခဲ့သည်။ `ဘယ်တုံးကလဲ´လို့ မေးတော့ ...

`မြို့တော်ဝန် ရွေးကောက်ပွဲတုံးက သူ့ပါတီအတွက် စည်းရုံးရေး လာဆင်းတာလေ။ သူကတော့ ရွေးကောက်ပွဲဝင်စရာမလိုဘူး သူ့ကို လွှတ်တော်က ခန့်တယ်”

`ဘာလူမျိုးလဲ´

သူ့စကားသံကြောင့် အတွေးပြတ်သွားခဲ့သည်။ ဆရာမက မြန်မာလူမျိုးလို့ပြောတော့

”မဟုတ်ဘူး ကျနော် နိုင်ငံရေးခိုလှုံသူပါ”

ဘယ်ဘက်လက်က မိန်းမဖက် ညာဘက်လက်က အရက်ပုလင်းကိုင်ပြီး `ဒေါ်အောင်ဆန်းစုကြည်လွတ်ပေး´ `မင်းကိုနိုင်လွတ်ပေး´ ဆိုတာလောက်ပဲ သွေးရူးသွေးတန်း အော်တတ်သော ဥရောပရောက် သမ္ဘာရင့်နိုင်ငံရေးသမားကြီးတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မြန်မာပြည်သားလို့ ပြောရမှာ ခက်နေခဲ့သည်။

”ဘာမေးစရာရှိလဲ။ မေးလေ”

သူ့ကိုမမေးသေးဘဲ ဆရာမကို ကျနော်တိုးတိုးကပ်ပြောသည်။

`သူ ဒီကိုလာတော့ လုံခြုံရေးတွေ ဘာတွေ မပါဘူးလား´

ကျတော့်အမေးကို သူ ကြားဟန်ရှိသည်။ ဆရာမကမဖြေခင် သူက ဦးအောင်...

”ဒီနိုင်ငံက လုံခြုံပြီးသားပဲ။ ၀န်ကြီးဆိုတာ ပြည်သူတယောက်ပဲ။ ၀န်ကြီးလုပ်တယ်ဆိုတာ ပြည်သူက ခိုင်းတာ လုပ်ပေးဖို့ တင်ပေးထားတာ။ ဘာအခွင့်အရေးမှ ပိုမရပါဘူး ”

သူ့အဖြေကို မြန်မာပြည်က နအဖ စစ်ခေါင်းဆောင်တွေကို ကြားစေချင်လှသည်။ သူက ဆက်၍...

`ဟိုတနေ့ကဆို ကားပျက်သွားလို့ ဘတ်စကား တက်စီးလာရတယ်´

ကျနော် ဆရာမ မျက်နှာကို တချက်လှမ်းကြည့်လိုက်သည်။

`ဟုတ်တယ်ထွန်း၊ ဒီနိုင်ငံမှာ ၀န်ကြီးလဲ ဘတ်စကားစီးတာပဲ။ ၀န်ကြီးဆိုပြီး ကားအလကားစီးရတယ် မထင်နဲ့ဦး။ ကားပေါ်တတ်တာနဲ့ နှစ်ကျပ်ခွဲပဲ။ ကားမောင်းတဲ့သူက ၀န်ကြီးတွေ ဘာတွေ နားမလည်ဘူး။ ကားပေါ်တက်ရင် ကားခတောင်းတာပဲ။ ၀န်ကြီးလဲ သူ့အလုပ်သူလုပ် ကိုယ်လဲ ကိုယ့်အလုပ် ကိုယ်လုပ်ပဲ”

မြန်မာပြည်မှာ မသေသေးဘဲ မှန်လုံကားကြီးတွေ စီးပြီး အစောင့်အရှောက်အပြည့်နဲ့ ကြောက်လန့်တကြား သွားလာနေတတ်သော လူတောမတိုးသည့် မြန်မာပြည်က ၀န်ကြီးများနဲ့တော့ ဆီနဲ့ရေပါပဲ။ ကျနော်သူ့ကို စပြီး ...

”ရွေးကောက်ပွဲအကြောင်း နဲနဲလောက်ပြောပြနိုင်မလား”

သူက”ဒီနိုင်ငံကလူအများစုဟာ ရွေးကောက်ပွဲကိုသိပ်ပြီးစိတ်မ၀င်စားကြဘူး။ဘယ်အစိုးရတက်တက် သူတို့အတွက် သိပ်ထူးမှာမဟုတ်ဘူးလို့ ထင်နေသလို သူတို့ကို ဒုက္ခပေးလို့ မရဘူးဆိုတာ သူတို့သိနေကြလို့ ပြည်သူတချို့ကတော့ မဲမပေးကြဘူး။ ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရှိပြီး လွတ်တော်ရွေးကောက်ပွဲကို ၄ နှစ်တကြိမ်လုပ်ပါတယ်”

အရေးထဲ ဆူဒန်ကျောင်းသူတယောက်က သန်းပြနေတော့ သူရှင်းပြဖို့ တွန့်သွားပုံရသည်။ ဆရာမက `ပြန်ချင်ပြန်တော့´လို့ ပြောတော့ ထိုကျောင်းသူ ထပြန်သွားသည်။ ဆရာမက...

”ဆက်ပြောပါ။ သူကတော့ စိတ်ဝင်စားပါလိမ့်မယ်။ သူက တွေ့ချင်တယ်ဆိုလို့ ခေါ်လာတာ။

သူ ကျနော့်ကို တချက်ကြည့်လိုက် ပြီး

”သမ္မတရွေးကောက်ပွဲက ၆ နှစ်တကြိမ်ဖြစ်ပြီး သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ပါတယ်။ ၀န်ကြီးချုပ်ကို လွတ်တော်က ရွေးချယ်ပြီး သမတက ခန့်ပါတယ်။ ဒီနိုင်ငံက သမ္မတဟာ တခြားနိုင်ငံကသမ္မတတွေထက် ပိုပြီး အာဏာရှိပါတယ်။ လွတ်တော်က ရွေးချယ်တဲ့ ၀န်ကြီးချုပ်ကို သမ္မတက သဘောမတူရင် ခန့်လို့မရသလို လွှတ်တော်ကိုလဲ သမ္မတကဖျက်ခွင့်ရှိပါတယ်။ ၁၉၇၅ က တခါ ဖျက်သိမ်းဘူးပေမယ့် ခုနောက်ပိုင်းတော့ မလုပ်တော့ပါဘူး ”

”အစိုးရအဖွဲ့ကို အနိုင်ရပါတီက မဟုတ်ဘဲ တခြားပါတီက သူတွေကို ခေါ်ပြီး ထည့်လို့ရသလား”

”ခေါ်မယ်ဆိုရင်ခေါ်လို့တော့ ရပါတယ်။ ဒါပေမယ့် တခါမှ မခေါ်ဖူးဘူး”

သူ သောက်လက်စ ကော်ဖီလက်ကျန်ကို မော့သောက်လိုက်ပြီး ခွက်ကို ထဆေးနေပြန်သည်။ ကျနော် အိမ်မက်များ မက်နေသလား လို့တောင် ထင်မိသည်။ ဘတ်စကားစီးသော ကာကွယ်ရေးဝန်ကြီး၊ ကိုယ့်ပန်းကန် ကိုယ်ဆေးနေသော ကာကွယ်ရေးဝန်ကြီး၊ မေးသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြနေသော ကာကွယ်ရေးဝန်ကြီးအကြောင်း ဥရောပက လူတွေမှအပ တခြားနိုင်ငံက လူတွေ ပြောပြလို့ကတော့ ဘယ်သူမှ မယုံသည့်အပြင် ကိုယ့်ကိုတောင် အရူးလို့ထင်သွားနိုင်သည်။

ပန်းကန်ဆေးပြီး နောက် သူ ခုံမှာပြန်ထိုင်လိုက်ပြီး...

” လွတ်တော်က ဥပဒေ ပြုပြီး အသုံးစရိတ် ရေးဆွဲပါတယ်။ လွတ်တော်ကပဲ အစိုးရအဖွဲ့ကိုရွေးပြီး သမ္မတက အတည်ပြု ခန့်ထားပေးပါတယ်။ တနှစ်တခါ လွှတ်တော်က အသုံးစရိတ် သတ်မှတ်ပါတယ်။ နောက်ဘာသိချင်သေးသလဲ ”

”နိုင်ငံရေးပါတီတွေကို ပိုက်ဆံထောက်ပံ့ဖို့ ပြဌာန်းထားတဲ့ဥပဒေ ရှိပါသလား”

သူက...

”ရှိပါတယ် ဒါပေမယ့် အကုန်လုံးကို ထောက်ပံ့တာတော့မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ နိုင်တဲ့ပါတီတွေကို နိုင်တဲ့ အမတ် အရေအတွက်အလိုက် ထောက်ပံ့တာပါ ဆိုလိုတာက ရွေးကောက်ပွဲမှာ အမတ်ဦးရေများများနိုင်ရင် ထောက်ပံ့ကြေးများများရပြီး အမတ်အရွေးမခံရရင်တော့ ထောက်ပံ့ကြေး လုံးဝမရပါဘူး”

စိတ်ထဲမှာတော့ မြန်မာပြည်မှာ အယ်အယ်လ်ဒီတွေ ပိုက်ဆံအပုံလိုက်ကြီးပေါ်မှာ ပျော်နေတာတွေ့လိုက်ရသည်။

” လွှတ်တော်ထဲကို ကျနော်သွားရင်သွားလို့ရမလား ”

သံဆူးကြိုးတွေအ ထပ်ထပ်ချပြီးသေနတ်တကားကားနဲ့စောင့်နေတဲ့ မြန်မာပြည်က လွှတ်တော်ကြီးကိုသတိရလို့မေးလိုက်မိတော့ ”ရပါတယ်။ ဟိုရောက်ရင်တော့ စိတ်ပျက်သွားလိမ့်မယ် ရှေ့ကလူကစကားပြောနေ၊ နောက်ကလူတွေက လုပ်ချင်တာ လုပ်နေကြတာ ရန်ဖြစ်ချင်ဖြစ်နေကြတယ်။ စကားပြောချင် ပြောနေကြတယ်”

ကျနော် ဆရာမမျက်နှာ တချက်လှမ်းအကြည့် သဘောပေါက်နေသော ဆရာမက...

”ထွန်းလိုက်ပို့ဖို့ ဘတ်ဂျက်မရှိတော့ဘူး ကိုယ့်စရိတ်နဲ့ကိုယ် သွားရင်တော့သွားလေ”

ကျတော် ဘာမှဆက်မပြောတော့။ သူ့ကို ကျနော် နောက်ဆုံးမေးခွန်းမေးခဲ့သည်။

”မြန်မာပြည်ကိစ္စတွေနဲ့ပတ်သက်ပြီး ဖင်လန်နိုင်ငံသဘောထားနဲ့ ဘာဆက်လုပ်ပေးနိုင်မလဲ”

သူကစဉ်းစားပြီး...

”မြန်မာပြည်ဟာ ကျနော်တို့နဲ့ အလှမ်းဝေးတယ်။ ကျနော်တို့နိုင်ငံနဲ့ စီးပွားရေး အဆက်အဆံနည်းပါတယ်။ ပြီးတော့ ကျနော်တို့ တနိုင်ငံထည်း လုပ်တာထက် အီးယူအနေနဲ့ လုပ်တာက ပိုပြီးထိရောက်ပါလိမ့်မယ် ခင်ဗျားတို့ လုပ်သင့်လုပ်ထိုက်တယ် ထင်တဲ့ အလုပ်ဆိုရင် ကျနော်တို့ဆီ တင်ပြပေးပါ။ တတ်နိုင်သလောက် လုပ်ပေးပါ့မယ်”

(၃)

နောက်နှစ်ရက်အကြာမှာတော့ ရွေးကောက်ပွဲလုပ်အပြီး ဆိုရှယ်ဒီမိုကရက်တို့ မဲဆန္ဒနယ်တော်တော်များများ လက်လွတ်ခဲ့ရပါသည်။

ကျနော့်ကို ဆရာမက...

”ဆိုရှယ်ဒီမိုကရက်တွေအစည်းအဝေးလုပ်ပြီး သူတို့ပါတီ ဘာကြောင့် ရှုံးရသလဲဆိုတာ သုံးသပ်ကြတယ်။ အဖြေကတော့ သူတို့ဟာ နိုင်ငံရေးပဲ လုပ်နေကြတယ်။ နိုင်ငံရေးစကားပဲ ပြောနေကြတယ်။ လက်တွေ့မှာ ဆင်းရဲသားတွေ အကျိုးစီးပွား ဘာမှ မလုပ်နိုင်ကြဘူးလို့ သုံးသပ်ကြတယ်”

လူတိုင်း တိုက်ခန်းကိုယ်စီ ကိုယ်ပိုင်ကားစီးလျက် အလုပ်မရှိလျှင် အစိုးရက တလ ယူရို ၃၇၀ ပေးထားသော ဖင်လန်ပြည်သူများကို သုံးလိုက်သော `ဆင်းရဲသားများ´ဟူသည့် အသုံးအနှုန်းကို အီသီယိုပီယား မြောက်ကိုရီးယား မြန်မာပြည်သူပြည်သားများ သိခဲ့ရင်တော့...

2 comments:

  1. ကိုတိုးကြီး.ကျနော်တို့နိုင်ငံက လက်ရှိစစ်ခေါင်းဆောင်ကြီးများနှင့် အတိုက်
    အခံအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ကြီးများလည်း.နောင်တချိန်ပြု
    ပြင်သွားပါ့မည်တဲ့..ခုတော့မပြင်သေးဘူးတဲ့ဗျ.

    ReplyDelete
  2. အထက်က မိုးစဲနေပြောတာမှန်တယ်

    ReplyDelete