Sunday, October 4, 2009

အပြောင်းအလဲသို့

မင်းကိုကြည့်ရတာ သူများနဲ့မတူဘူး အခန်းထည်းမှာလည်း သူများတွေ စာသင်ရင်အိပ်အိပ်နေတယ် ဘာဖြစ်လို့လည်း ဘာအခက်ရှိနေလည်း ပြောပြနိုင်မလား ” ဆရာမ မေးခွန်းကို ဖြေဘို့ကျတော်အားယူလိုက်သည် စကားလုံးက ရှာမတွေ့ “ ပြောဘို့အခက်ခဲရှိနေမယ်ထင်တယ်နော်” သူ့မအသံက နူးညံ့နေသည် ကိုယ့်ကိုယ်ဆက်ဆံပုံက ကလေးလေးတယောက်ကိုဆက်ဆံနေပုံမျိုး “မင်းရဲ့ကိုယ်ရေးရာဇ၀င် ဆရာမ ဖတ်ပြီးပါပြီ မင်းက နဲနဲထူးခြားတယ် တခြားသူတွေနဲ့စာရင်ပေါ့ ဒီလိုလုပ်ပါလား အခက်ခဲတွေနောက်မှပြော မင်းစိတ်ထည်းပေါ့သွားအောင် အခက်ခဲမဟုတ်တဲ့ ပြောစရာရှိတာ အရင်ပြောကြည့်ပါလား ” ကျတော်ဘာပြော၇မလည်းစဉ်းစားလိုက်မိသည် “ ပြောစရာတွေ သိပ်များနေမယ်ဆိုတာဆရာမသိတယ် ဒီလိုလုပ် မင်းအဲဒိငရဲခန်း က ထွက်လာခဲ့တဲ့ ပထမဆုံး နေ့က ခံစားချက်ကို ပြောပြနိုင်မလား အတင်းကျပ် တော့မဟုတ်ပါဘူး ဆရာမသိချင်တာရယ် မင်းရဲ့စိတ်ထည်းဖြစ်နေတာတွေရယ်ကို သိတဲ့အခါ မင်းကိုစာဘယ်လိုသင်ပေးလို့၇နိုင်မလည်းဆိုတဲ့နည်းလမ်းတွေ့မယ်ထင်လို့ပါ ” ဟုတ်ကဲ့ ပါ အဲနေ့ကပေါ့ မနက်အစောကြီးထွက်လာခဲ့တယ်------------
ဒီနေရာကနေပြီးနောက်ကို ပြန်လှည့်ကြည့်ရင် နောက်တခေါက်ပြန်လာရသတဲံ့- တော်ပြီလေ ဆယ်စုနှစ် တခုကျော်ပေးဆပ်ခဲ့ပြီးပြီဘဲ ဒီနေရာဟာ ပြန်လာသင့်တဲ့နေရာတခုမဟုတ်လိုထင်သည် ယုံတာ မယုံတာ အပထား နောက်ကိုလှည့်မကြည့်မိအောင်တော့သတိထားပြီးလျောက်လာခဲ့သည် ခပ်ဝေးဝေးတနေရာက ရိုးဖြတ်တောကိုဖြတ်ပြီးတိုက်လာသည့် လေကို တ၀ကြီးရှုသွင်းလိုက်သည် အားပါးပါးးးးးးးးးးး ဒီလိုလေကိုမရှုခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဘဲ လတ်ဆတ်သန့်ရှင်းတဲ့လေကို ရှုလိုက်ရတာကိုက အရသာ ရှိနေသယောင်ယောင် - ဘ၀မှာအပျော်ဆုံးရက် ၃ ရက်ရှိသတဲ့ ရှင်လိန်ပြန်တဲ့နေ့ မိန်းမယူတဲ့နေ့ ထောင်ကထွက်တဲ့နေ့တဲ့- ဒါပေမယ့် ငါမပျော်နိုင်ခဲ့ဘူး ငါ့ရဲ့နောက်ကျောဘက်က သူရဲကောင်းတွေရဲ့ပြတိုက်ထည်းမှာ ညိုးငယ်တဲ့မျက်နှာတွေနဲ့ ငါ့မိတ်ဆွေတွေ ငါ့သူငယ်ချင်းတွေ အများကြီးကျန်ခဲ့ကြတယ် သူတို့ဟာ အာဏာရှင်လူတန်းစားဆီမှာ ယုံကြည်ချက်တခုအတွက် တောင်းဆိုရင်း ခုချိန်ထိပေးဆပ်နေကြတုန်းဘဲ အဲဒီနေရာမှာ ကြာမြင့်စွာနေခဲ့ရတဲ့ ငါ့အတွက်တော့ အပြင်လောကဟာ အကြီးအကျယ်ပြောင်းလဲလို့နေပါပြီ ငါနေခဲ့တဲ့အိမ်ကို မှတ်မိပါဦးမလား ငါလျှောက်ခဲ့ဘူးတဲ့လမ်းကိုပြန်တတ်ပါဦးမလားလို့ တွေးရင်း မနေ့က ထောက်လှမ်းရေး အရာခံဗိုလ် ထွန်းအောင် နဲ့ တွေ့ခဲ့ပြောခဲ့တာတွေကို ဖြတ်ခနဲသတိယလိုက်မိတယ်---

“ခင်ဗျားအပြင်ရောက်တဲ့အခါ တိုင်းပြည်ကြိးတိုးတက်ပြောင်းလည်းနေတာကိုတွေ့ရပါလိမ့်မယ်” သူ့စကားမဆုံးခင်မှာဘဲ ငါချက်ချင်းတုံ့ပြန်ခဲ့တယ် “ ကျတော်အီကိုဗျ အီကို တက္ကသိုလ် ၅နှစ်တက်လာတာ တိုင်းပြည်တပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတဲ့နေရာမှာ အချက်အလက်တွေအများကြီးပါတယ် အဲထည်းမှ တဦးချင်းဝင်ငွေကိုလည်းထည့်သွင်းစဥင်္းစားရတယ် ၀န်ထမ်းတဦးရဲ့ အနိမ့်ဆုံးလစာ ၄၅၀၀ ဘဲရတယ် ရွှေဈေးက တသိန်းကိုးသောင်း ဒေါ်လာဈေးက တစ်တောင့်တစ်ရာ အညံ့ဆုံးဆန်တောင်မှ တပြည် ၂၅၀ ဆီတပိသာ ၉၀၀ ကြက်သား ၈၀၀ ၀က်သားက ၁၁၀၀ ကျုပ်ဒီမှာ နေတာ၇ နှစ် မီးတရက်မှမလာဘူး ရေမရှိဘူး ရန်ကုန်ရွှေမြို့တော်ကြီးမှာတောင်မှ ၂ ရက်တခါမှ မီးလာတယ် မီးမလာ ရေမရှိတဲ့ နိုင်ငံကြီးမှာ တိုးတက်ပါတယ်ဆိုတာ ဘယ်လိုလူဘဲလာပြောပြော ကျတော်မယုံဘူးဗျာ အင်းပြောင်းလဲ တယ်ဆိုတာတော့လက်ခံတယ်ဗျာ တရားသဘောအရ မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာ ရုပ်နာမ်တွေ ကုဋေပေါင်းများစွာ ပြောင်းလည်းနေတယ်လေ” ငြင်းခုံ တာငါ့အတွက်တော့ အထူးအဆန်းမဟုတ်ပေမယ့် သူတို့မကျေမနပ်ဖြစ်ခဲ့ကြတယ် တွေ့ဦးမှာပေါ့ကွာလို့ စိတ်ထည်းက ကြိမ်းနေတာလည်းသိတယ် တခါကလည်းသူတို့ပြောဘူးတယ် “ ဇော်ထွန်း လောကကြီးမှာ မီးမထွန်းဘဲ မိုက်တာ မင်းတို့နဲ့ ငါတို့ဘဲရှိတယ်တဲ့ ”

လမ်းဆက်လျှောက်လာရင်းဘဲ ကျန်ခဲ့တဲ့ သူငယ်ချင်းတချို့ကို သတိယမိသလို အပြင်က မိတ်ဆွေတချို့ကိုလည်းသတိယမိတယ် အိမ်ပြန်ရောက်ရင် သူတို့ငါ့ကို ဘယ်လိုဆက်ဆံကြမှာလည်း အရင်ကလိုဘဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံကြမှာလား ဒါမှမဟုတ် ကြောက်ကြောက်ရွံရွံ့နဲ့ မတွေ့ရဲ မဆုံရဲနဲ့ ဝေးဝေးက ရှောင်နေမှာလား လို့ စဉ်းစားလာခဲ့တယ် ဘယ်လိုဘဲဆက်ဆံဆက်ဆံ ငရဲခန်းထည်းမှာ အိပ်ခဲ့ရတဲ့ နေ့ရက်တွေအတွင်း မက်ခဲ့ဘူးတဲ့အိမ်မက်ဆိုးတွေကို သူတို့နားလည်ပေးနိုင်ရင်ဘဲ ကျေနပ်နေမှာပါ----

နေနဲနဲထွက်လာခဲ့ပြီ မျက်စိထည်းက မျက်၇ည်ပူတွေထွက်ကျလာခဲ့တယ် ဘယ်လိုဖြစ်ပါလိမ့်လို့ စဉ်းစားမိလိုက်တယ် အခန်းကျဉ်းလေးရဲ့  အဖြူရောင်နံရံတွေကြားမှာ နှစ်ပေါင်းများစွာ ကျင့်သားရခဲ့တဲ့ ငါ့မျက်စိတွေဟာ နေရောင်ချဉ်ရဲ့ဒဏ်ကိုတောင်မခံနိုင်တော့ဘူးလား ငါ့မျက်စိတွေတခုခုဖြစ်သွားပြီလား ဆက်မတွေ့းရဲတော့ဘူး သူများတွေ အသက်တွေ စည်းစိမ်တွေ ဘ၀ တွေပေးဆပ်ခဲ့သေးတာဘဲ ငါ့မျက်လုံးတွေ အတွက် စိုးရိမ်နေတယ်ဆိုတာ သူတို့သိသွားခဲ့ရင် ငါ့ကိုလှောင်ပြောင်နေတော့မှာပါဘဲ----

လယ်ကွင်းကိုကျော်ပြီး ကားဂိတ်ကိုရောက်လာခဲ့တယ် သိပ်မစောင့်ရ ရန်ကုန် ရန်ကုန် လို့အော်ပြီး ကားကြီးတစီးထိုးရပ်လာတယ် ကားပေါ်တက်လိုက်တာနဲ့ စပယ်ယာက လက်ဖြန့်လိုက်တယ် ဘယ်လောက်လည်းဆိုတော့ တစ်ထောင်တဲ့ “အိုး ဖြစ်နိုင်တယ်ထွန်းအောင်ပြောတဲ့ တိုင်းပြည်ကြီးတိုးတက်တာ ဒါဘဲကိုး ” လို့စိတ်ထည်းက တွေးလိုက်တယ် ကားပေါ်ပါလာတဲ့သူတချို့ကို အကဲခတ်လိုက်မိတယ် တချို့က ငိုက်လျှက် တချို့က ရီဝေေ၀ မျက်လုံးများနဲ့ ပြတင်းပေါက်ကို ကျော်ပြီး အပြင်လောကကိုငေးလျှက် တချို့က စကားပြောလျှက် ဘယ်လိုပင်ပုံသဏ္ဍန်တွေကွဲကွဲ တူညီမှုကိုတွေ့နိုင်တယ် အဲဒါက တော့သူတို့မျက်လုံးတွေထည်းက အရောင်တွေဘဲဖြစ်တယ် တချို့က လောဘအရောင် တချို့က ဒေါသအရောင် အရောင်တွေ အရောင်တွေ ဒါတွေကလည်းတော်ယုံ လူသိနိုင်တာမဟုတ် ဘ၀တက္ကသိုလ်မှာ နှစ်ပေါင်းများစွာနေလာခဲ့မှ သိနိုင်တာဘဲဖြစ်တယ် လူပေါင်းစုံ စရိုက်ပေါင်းစုံ အကြောင်းအရာပေါင်းစုံ အမှုပေါင်းစုံ နဲ့ လူအမျိုးအမျိုး အဲဒီနေရာကိုရောက်လာခဲ့ကြတယ် စီးပွားရေးကြောင့်ရောက်လာသူ လူမှုရေးကြောင့်ရောက်လာသူ လောဘကြောင့်ရောက်ခဲ့သူ ဒေါသကြောင့်ရောက်ခဲ့သူ ထမင်ငတ်လို့ ရောက်လာသူ အမျိုးမျိုးအစုံစုံပါဘဲ ဒါကြောင့်လည်း ဘ၀တက္ကသိုလ်လို့ခေါ်တာဖြစ်နိုင်တယ် ဒိနေရာမှာ ယူတတ်သူတွေအတွက်ပညာတွေ အများကြီးရနိုင်တယ် ကမ္ဘာပေါ်မှာ ဘယ်တက္ကသိုလ်ကောလိပ်မှာမှ မသင်ပေးတဲ့ ပညာတွေ ဒီနေရာမှာရှိတယ် ဘယ်ဆေးရုံမှာမှ မတွေ့ဘူးတဲ့ ရောဂါတွေ ဒိနေရာမှာရှိတယ် တကယ်တော့ ဒိနေရာဟာ မကောင်းတဲ့သူတွေကိုကောင်းအောင်ပြုပြင်ပေးတဲ့နေရာဘဲဖြစ်သင့်တယ် ဒါပေမယ့် ဒီခောတ်ဒီစံနစ်အောက်က ဒိနေရာဟာ သူခိုးလေးကိုသူခိုးကြီးဖြစ်အောင် သူခိုးကြီးကို ဓမြဖြစ်အောင် ခိုးနည်းနိုက်နည်း တိုက်နည်း စတဲ့နည်းပေါင်းစုံကိုလေ့ကျင့်ပေးရာ နေရာဘဲ ဖြစ်နေခဲံ့တယ် ကားက ဥက္ကံကိုကျော်ပြီးသုံးဆယ်ရောက်လာခဲ့တယ် အတွေးကားမပြတ်သေး အထည်းမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းအချို့မှာလိုက်တာလေးတွေကို သတိယမိတယ် တချို့က ဆေးဝါး တချို့ကစာအုပ် တချို့ကအစားအသောက် ---အင်း ဒါတွေအားလုံးဝယ်ဘို့ ပိုက်ဆံဘယ်က၇ပါ့မလည်း အရင်ကတော့မပူပင်မကြောင့်ကျရ ခုတော့ အိုးးးးးးးးးးးး အဆင်ပြေသွားမှာပါလို့ဘဲ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်မိတယ် ညနေဆို စိတ်ချလုံခြုံတဲ့ အမေ့ကိုဘဲ ရောက်မလား ပီတီအြ့ပုံးတွေနဲ့ ကြည်နူးနေမယ့် ချစ်သူဆီဘဲရောက်မလား ဆယ်စုနှစ်တခုလောက်ပျောက်ဆုံးခဲ့တဲ့ ငါ့အတွက်မျော်လင့်တမ်းတမှုတွေနဲ့ အိမ်ကိုပြန်လာခဲ့တယ် ( စိတ်ဝင်စားမယ့်သူရှိရင် ဆက်ရေးပေးပါ့မယ် သိပ်စိတ်မ၀င်စားကြဘူးဆိုရင်တော့ ဒိနေရာမှာဘဲ ရပ်လိုက်တာပေါ့ နော် လာဖတ်သူများကို ကျေးဇူးတင်ပါတယ် )
ညနေဆို စိတ်ချလုံခြုံတဲ့ အမေ့ကိုဘဲ ရောက်မလား ပီတီအြ့ပုံးတွေနဲ့ ကြည်နူးနေမယ့် ချစ်သူဆီဘဲရောက်မလား ဆယ်စုနှစ်တခုလောက်ပျောက်ဆုံးခဲ့တဲ့ ငါ့အတွက်မျော်လင့်တမ်းတမှုတွေနဲ့ ++++

အတွေးကား ကျန်ခဲ့သူတွေဆီပြန်ရောက်သွားခဲ့သည် - ဒီအချိန်ဆို သူတို့ဘာလုပ်နေကြပါလိမ့် တချို့က စာအုပ်ဖတ်နေကြမယ် တချို့က အိပ်နေကြမယ် တချို့ကအခန်းတခန်းမှာ စုလို့  စကားပြောနေကြမှာဘဲ ငါရှိနေတဲ့အချိန်တုန်းကတော့ဒီအချိန်ဆို အိုဇုန်းလွှာကြောင့် ကမ္ဘာကြီးပေါက်ပြဲနေတဲ့အကြောင်း ဆင်းရဲဒုခရောက်နေတဲ့ ဗမာပြည်သူတွေအတွက် ခုချက်ချင်းဘဲ ရွှေမိုးငွေမိုးတွေ ရွှာတော့မယ့်အတိုင်း ကြီးကြီးကျယ်ကျယ်တွေအပြင် စတာလင်က ဘယ်လို လီနင်က ဘာညာ ပလေတို ဆော့ခရတ္တိနဲ့ ကွန်မြူနစ် ဆိုရှယ်လစ် ဒီမိုကရေစီ ဗျူရိုကရေစီနဲ့ ဂလိုဗယ်လိုက်ဇေးရှင်း ဆိုပြီး သိတာတွေကော မသိတာတွေကော ရောပြီး လက်သီးလက်မောင်းတန်းလို့ မုန်တိုင်းတွေတိုက်ခဲ့ကြတယ် တကယ့်ဘ၀အမှန်ကိုမသိကြဘူး မရှီမယ့် ရှိမယ့် ရှာဖွေပြီး အိမ်ကလာပို့တာတွေစားလို့ စိတ်ကူးယဥင်္အိမ်မက်တွေကို မက်ခဲ့ကြတယ် တကယ့်လက်တွေ့ဘ၀မှာ ပြည်သူတွေ ဘာတွေစိတ်ဝင်စားနေသလည်း - မသိမသာလေးနားစွင့်မိတယ်ကားကလည်း တိုက်ကြီးရောက်လို့ ထမင်းဆိုင်တဆိုင်ရှေ့မှာ ၀င်ရပ်လိုက်တယ် ထမင်းဆိုင်ထည်းဝင်ထိုင်ပြီး ပတ်ဝန်ကျင်ကို နားထောင်ကြည့်မိတော့ “ ဒိနေ့ဘာထွက်လည်း” ၄၉” ထမင်းမှာ စားသူတယောက်ကမေးတာကို ဘဲဥ ကြက်ဥပြုတ်ရောင်းသူက ဖြေလိုက်သံကြားလိုက်၇သည် ”မေမေ ထက်ထက်မိုးဦးခွေ ၀ယ်လာဘို့မမေ့နဲ့နော် ” ရန်ကုန်သွားမယ့် မိခင်ကို သမီးဖြစ်သူက မှာသံကိုလည်း ကြားနေရသည် ချာတိတ်တယောက်ကလည်း လွန်းထားထား နဲ့ တာရာမင်းဝေ စာအုပ်မှာနေသံ ကြားရသည် သူတို့ကိုကြည့်မိတော့ ကျောင်းသားအရွယ်လေးတွေပါ စကားပြောခွင့်ရလို့ သူတိုကို ၈၈၈၈ သိသလားလို့မေးမိရင် မနက်ဖြန်ထွက်မယ့် နံပါတ်တွေလားလို့မေးမှာ သေချာသလို မင်းကိုနိုင် မိုးသီးဇွန် သိသလားမေးမိလျှင်တော့ ဗွီဒိယို မင်းသားအသစ်တွေပေါ့ လို့ဖြေမယ်ထင်သည် ကြားဘူးသူတွေအတွက်ကလည်း ရာဇ၀င်ထည်းက အိပ်ယာဝင် ပုံပြင်တပုဒ်ဖြစ်နေခဲံ့မှာသေချာပါသည် “ကားထွက်မယ်ဟေ့” အော်သံကြောင့် ကားပေါ်ကိုလူတွေပြန်တက်ကြသည် ဘေးနားကလူဆင်းသွားတော့ လွတ်တဲ့နေရာမှာ ၀င်ထိုင်လိုက်သည် “ ဘယ်ကပြန်လာတာလည်း” ကိုယ့်ကိုမေးတာလို့မထင် သေချာအောင်ကြည့်လိုက်တော့ အသက်၄၀လောက် အကျီ င်္ အဖြူ ပါတိတ်ထမိန်နဲ့ အမျိုးသမိးတယောက်ကိုတွေ့ရသည် လက်ပေါ်မှာ အနက်ရောင်အကျီ င်္ တထည်ကို ကိုင်လျှက် “ကျွန်တော်ရန်ကုန်ပြန်မှာပါ” စကားကိုအပြည့်အစုံမဖြေသော်လည်းသူက “ မင်း ၅-ည လား ” ခေါင်းညိမ့်ပြလိုက်သည် သူက စကားဆက်ပြန်သည် “ထင်တော့ထင်တယ် မင်းကို ကားဂိတ်မှာထည်းက အမကြည့်နေတာ အမက ရှေ့နေလေ ဒီနေ့သာယာဝတီမှာ အမှုတခုရှိလို့လာတာ တရားရုံးမှာထည်းက ဒီနေ့ ၅ ညတယောက်လွှတ်မယ်ကြားခဲ့တာပါ” သူ့စကားကြောင့် ဘေးက လူတွေ ငါ့ကိုဝိုင်းကြည့်နေကြတယ် သူတို့အကြည့်က ထူးထူးဆန်းဆန်းလူတယောက်ကိုကြည့်တဲ့အကြည့်လား သနားစရာ လူတယောက်ပုံမျိုးကြည့်သောအကြည့်လား ငါမဝေခွဲတတ်ခဲ့ဘူး “ ဘယ်လောက်ကြာခဲ့လည်း” “ ၁၃ နှစ်” ကြာတယ်နော်လို့ဘဲ တခွန်းပြောပြီး သူ့ရှေ့ခုံ က ကောင်မလေးတယောက်ကိုနားနားကပ်ပြီးတိုးတိုးပြောသံကြားနေရတယ် ကောင်မလေးက အိပ်ထည်းက တစုံတခုကိုထုတ်ပြီးပေးလိုက်တာတွေ့လိုက်ရတယ် ကြည့်ရင်ရိုင်းမှာ စိုးလို့ မကြည့်ဘဲ ဘေးကိုမျက်နှာလွဲနေခဲ့တယ် ကားက မှော်ဘီ အ၀င်မှာ သူမထလိုက်တာ ပြီးတော့ ငါ့ လက်ထည်းကို တစုံတခုထည့်လိုက်တယ် ငါကြည့်လိုက်တော့ ၁၀၀၀ တန် အသစ် ၂ရွက်နဲ့ လိပ်စာကပ်ပြားတခု မျက်နှာကိုတည်လိုက်တယ် ငါ့ပုံက သူတောင်းစားပုံများပေါက်နေလား သူ့ကို ပြောမလို့ ကြည့်လိုက်တော့ သူမက စ၍ “ယူထားလိုက်ပါ ခုမှ ပြန်လာတာ ဆိုတော့ သုံးဘို့လိုအပ်မှာအမှန်ဘဲ လိုအပ်တဲ့အကူညီရှိရင်အချိန်မရွေးပြောပါ တန်ဘိုးကိုနားလည်တဲ့သူတွေက တန်ဘိုးထားတတ်ပါတယ်” ငါသူ့ကိုပြန်ပြောဘို့ စကားလုံးရွှေးချယ်နေချိန်မှာဘဲ သူတို့ ၂ ယောက်ကားပေါ်က ဆင်းသွားခဲ့တယ် ကျေးဇူးတင်ပါတယ်လို့တောင်မပြောလိုက်ရ ငါတို့ကိုမေ့သွားခဲ့ပြီလို့ထင်ထားပေမယ့် ခုလိုကြုံလိုက်ရတော့ အော် ငါတို့ကို သိနေသေးတဲ့သူ ငါတို့ကိုတန်ဘိုးထားတဲ့သူတွေ ရှိနေပါသေးလားဆိုတဲ့အတွေးနဲ့ ကျေနပ်လိုက်မိတယ်

မှော်ဘီကိုကျော်လာတော့ ကားလမ်းပေါ်မှာ ကားတွေ လူတွေရှုပ်လာတာတွေ့လာရတယ် လမ်းပေါ်မှာ သွားလာနေကြတဲ့ လူတွေကိုကြည့်ပြီးခေါင်းက တရိပ်ရိပ်မူးလာခဲ့တယ် ကားမစီးတာကြာလို့လား အငတ်ငတ်အပြတ်ပြတ် နေခဲ့လို့ အားနဲ့နေလို့လား မဖြစ်နိုင်ဘူး နှစ်တွေအကြာကြိးအခန်းကျဉ်းလေးထည်းမှာတယောက်ထည်းနေလာခဲ့တဲ့ ငါ့အတွက် လူအများနဲ့ ပြန်တွေ့ ပြန်ဆက်ဆံလာရတဲ့အခါ မျက်စိတွေ ရှုပ်ပြီး ခေါင်းတွေမူးလာတာဖြစ်မှာပါလို့ မူးနေတဲ့ ကြားက တွေးခဲ့မိတယ် တိတ်ဆိပ် ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာနေခဲ့တဲ့ငါ့အတွက် လမ်းပေါ်ကလူတွေဟာ မျက်စိထည်း ရှုပ်ထွေးလွန်းပြီး ကားစက်သံနဲ့ ကားပေါ်က တိုးတိုး တိုးတိုးအသံတွေဟာ ငါ့အတွက် မခံနိုင်လောက်အောင်ဆူညံလွန်းခဲ့တယ် သူတို့ပြောနေတဲ့ ကွန်ပြူတာ အီးမေလ်း ငါသိဘူး လေဆာဓါတ်ပြား ငါမမြင်ဘူးဘူး ရက်စ် တို့ ဟစ်ဟော့ တို့ ငါနားမထောင်ဘူးဘူး တကယ့်ကို ဘာတွေမှန်းမသိခဲ့ဘူး ကားမ်ာခ် အိန်ဂျယ် နဲ့ တော်ဖလာ ဖူကူယားမားကြားမှာ နေလာခဲ့တဲ့ငါ ခောတ်ရဲ့ အဝေးးးးးးးးးးးးးးကြီးမှာ ကျန်ခဲ့ပြီဆိုတာ ချက်ချင်းသိလိုက်တယ် လူတွေကို နှိပ်စက်ဘို့ စံနစ်တကျ တည်ဆောက်ထားခဲ့တဲ့ အခန်းကျဥ်းတွေထည်းမှာ လုတွေနဲ့ အဆက်ပြတ်လို့ တယောက်ထည်းအထီးကျန်စွာ ၁၃ နှစ်ကျော်နေလာခဲ့တဲ့ ငါဟာ လူတွေနဲ့ ချက်ချင်းပြန်ဆက်ဆံဘို့ဆိုတာ လွယ်ကူတဲ့အလုပ်တခုမဟုတ်ဘူးဆိုတာ ချက်ချင်းဘဲ ငါသဘောပေါက်ခဲ့ပါတယ် ဒါပေမယ့် ငါတို့ကို လူတွေအကြောင်းနားလည်တတ်လာအောင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်လာအောင် လူတွေပတ်သက်လို့ စိတ်ရှည်သီးခံတတ်လာအောင် အဲဒီတိုက်ခန်းကျဉ်းကျဉ်းလေးတွေကဘဲ ငါ့ကိုသင်ကြားပေးခဲ့တယ် အပြင်လောက လူတွေ စားဝတ်နေရေးအတွက် တိုက်နေရတဲ့ ဘ၀တိုက်ပွဲဟာ ငါတို့အခန်းကျဥင်္းလေးတွေထည်းမှာ လက်သီးလက်မောင်းတန်းပြီး တိုက်ခဲ့ကြတဲ့ လေမုန်တိုင်းတွေထက် စာရင်တော့ သူတို့အတွက် ပိုပြီးထိရောက်ပါလိမ့်မယ် အရေးကြီးဆုံးက စားဝတ်နေရေးအတွက် ရုန်းကန်ပြီး ဘ၀ ကြမ်းကြမ်းကို လျှောက်လှမ်းနေတဲ့သူတို့ကို ငါနားလည်ပေးဘို့ဘဲလိုတယ် ဆယ်စုနှစ်တခုကျော် အတွင်းမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ဆန့်ကျင်ဘက် အခြေနေတခုကို ကြိုတင်တွေးဆခြင်းမရှိဘဲ ဗြုန်းကနဲ မိုးပေါ်က ကျလာသလို့ရောက်လာခဲ့မယ့်ပြောင်းလဲ ခြင်းတွေကို နားလည်ပြီး အလွယ်တကူ ကျော်ဖြတ်နိုင်ဘို့ ငါလေ့ကျင့်ရဦးမယ်---

ငါအိမ်ကို ပြန်ခဲ့တယ် ဒီနေရာလေးမှာ ငါ့ကိုချစ်တဲ့သူ ငါ့ကို မုန်းတဲ့သူ ငါနဲ့ အယူဆ မတူသော်လည်း ယုံကြည်ချက်တူတဲ့သူတွေ ဘ၀ကို ရင်းနှီးမြုတ်နှံပေးဆပ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေ အများကြီးကျန်ခဲံ့ဦးမယ် သူတို့အတွက် ငါစိတ်မကောင်းခဲ့ဘူး သူတို့မျက်လုံးထည်းက မျော်လင့်ချက်အရောင်တွေ နှလုံးသားက လာတဲ့ စကားလုံးတွေအတွက် ငါနားလည်ပေးနိုင်ခဲ့တယ် အဲသလို နားလည်နိုင်ဘို့နဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ အံဝင်ဂွင်ကျ နေထိုင်နိုင်ဘို့အတွက် အခန်းကျဉ်းလေးတွေက ငါ့ကို သင်ကြားပေးခဲ့တယ် သူတို့လို့ ဟစ်ဟော့ နဲ့ ဘစ်ဘော့ မင်းမော်ကွန်းနဲ့ အိနြာကျော်ဇင်ကို ငါမသိပေမယ့် ငရဲပြည်နဲ့တူတဲ့ ထောင်အကြောင်းကို ငါသိတယ် စစ်အစိုးရဟာ ပြည်သူတွေကို ဘယ်လိုနှိပ်စက်နေတယ် ဆိုတာ ငါသိတယ် အခန်းကျဥင်္းလေးထည်းမှာ နှစ်ပေါင်းများစွာနေခဲံ့ပြီး ဗြုန်းကနဲ့ အပြင်ပြန်ရောက်လာခဲ့တဲ့ ငါ့အတွက် အပြင်ကလူတွေ ခံစားလို့မရနိုင်တဲ့ ခံစားမှုမျိုးကို ငါခံစားရတယ် အဓိက ရင်ဆိုင်ရမယ့်ပြသနာကတော့ လူတွေရဲ့ စိတ်နေသဘောထားတွေ အသိဥာင်္ဏတွေ မြင့်မားလာအောင် ဘယ်လိုဆောင်ရွက်ပေးနိုင်မလည်းဆိုတဲ့ ပြသနာဘဲဖြစ်တယ် အသိဥာဏ်မြင့်လာတာနဲ့ စိတ်နေသဘောထားဟာ မြင့်လာမှာအမှန်ပါဘဲ အဲဒိအခါ သူတို့သဘောထားကြီးလာလိမ့်မယ် သဘောထားကြီးလာတာနဲ့အမျှ ကိုယ်နဲ့အတွေးအခေါ်အယူဆ မတူသူတွေကို လေးစားလာလိမ့်မယ်လို့ ငါထင်တယ် လူတွေဟာ တစုံတခုအပေါ်မှာ မြင်တာချင်းတူပေမယ့် အသိဥာဏ် အတွေ့အကြုံ ဗဟုသုတနဲ့ ခံယူချက်တွေအပေါ်မှာ မူတည်ပြီး နားလည်ပုံခြင်းကွဲပြားသွားလိမ့်မယ် သူတို့နားလည်ပုံ့ပေါ်မူတည်ပြိး သူတို့နဲ့ထိုက်တန်သလောက်ဘဲ သူတို့နားလည်နိုင်ပါလိမ့်မယ် ခုချိန်မှာ အာဏာရှင်ဖြုတ်ချဘို့တို့ ဒီမိုကရေစီ ရဘို့ဆိုတာတွေကို သွားပြောနေခဲ့ရင် ကိုယ့်ကို တခြားကမ္လာက သတ္တ၀ါ တကောင်ကောင်လို့ လို့ အရူးတယောက်လိုလို့ ကြောင်တောင်တောင်နဲ့ ငေးကြည့်နေလိမ့်မယ် သူတို့ရဲ့ စားဝတ်နေရေး သားရေးသမီးရေးနဲ့ အပျော်အပါးတွေလောက်လည်း စိတ်ဝင်စားမှာမဟုတ်ဘူး မသေချာမရေရာတဲ့လောကကြီးမှာ လူတွေဟာ မဆန့်မပြဲ ဖြစ်နေကြတယ် ဂလိုဗယ်လိုက်ဇေးရှင်းခောတ်ကြီးထည်းမှာ အပြောင်းအလဲတွေဟာ မြန်ဆန်လွန်းလို့ လူတွေဟာ မနိုင်မနင်းနဲ့ ဗရမ်းဗတာ ဖြစ်နေကြလေရဲ့ အတိတ် ပစ္စုပန်ကို နားလည်ခံစားယုံနဲ့ မပြည့်စုံနိုင်ဘူး အနာဂတ်ကို ကြိုတင်စဉ်းစားထား ဘို့လိုပါတယ် စိမ်ခေါ်မှုအသစ်တွေနဲ့ တခြားသော အခြေနေတွေဟာ မနက်ဖြန်များစွာ မှာ ပိုပြီးတော့ လျှင်လျှင်မြန်မြန်နဲ့ ပြောင်းလည်းလာပါလိမ့်မယ်----------

ဆရာမကား မျက်လုံးပြာပြာလေးဖြင့်နားထောင်လျှက်---------

No comments:

Post a Comment