Friday, December 18, 2009

ကျတော်ချစ်သော ခေါင်းဆောင်များ အပိုင်း ငါး (နှစ်)

Photobucket

မရေးသေးဘူးလို့ စိတ်ကူးထားပေမယ့် ဒီနေ့ သူ့ မွေးနေ့ ဖြစ်လို့ အားတဲ့အချိန်လေးကို လုပြီး ရေးလိုက်ပါတယ်

ကိုကိုကြီး နဲ့ ၎ နှစ်လောက်တွဲ ခဲ့ဘူးတဲ့ သက်တမ်းတလျှောက်မှာ စကားတွေ အများကြီးပြောခဲ့ဘူးပါတယ် သူပြောသမျှ စကားတွေကို သုံးသပ်ကြည့်တဲ့အခါ သူဟာ လက်နှက်ကိုင်တော်လှန်ရေး ကို လက်ခံပုံ မရပါဘူး သူကိုယ်တိုင် တိုက်ရိုက်မပြောသော်ငြားလည်း အဲဒီအကြောင်းအရာကို ရောက်သွားတဲ့ အခါတိုင်း သူရှောင်ရှောင်ထွက်သွားတတ်ပါတယ် သူဟာ ဘယ်တော့မှ ကိုယ့်ရဲဘော်တွေကို အတိုက်အခံမပြောတတ်ပါဘူး “ လက်နှက်ကိုင်တော်လှန်ရေးလုပ်လာတာ အနှစ် ၃၀-၄၀ လောက်ရှိပြီ ကိုယ့်ဟာကိုယ်စဉ်းစားပေါ့ ” လို့ တော့ တခါပြောဘူးပါတယ် လက်နှက်ကိုင်တော်လှန်ရေးထက် လူထု တိုက်ပွဲ နည်းနဲ့ လုပ်ရတာကို သူ ပိုပြီးအားသန် ပုံရပါတယ် “လူထု
မပါတဲ့ တိုက်ပွဲ ဘယ်နိုင်ငံ မှာမှ မအောင်မြင်ဘူးဘူး ” လို့ လည်းပြောပြပါတယ် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ဆွေးနွေး အဖြေရှာခြင်းဟာ တခုထည်းသောနည်းလမ်းလို့ သူလက်ခံထားပါတယ် သူဟာ စကားပြောတိုင်း တချို့ လူတွေ လိုက်လို့ မမှီအောင်ပြောတတ်ပါတယ် သူတွေးခေါ်ပုံက အစ နိုင်ငံရေးဆန်လွန်းလှပါတယ် အဲဒါကြောင့်လည်း ပြဿ နာပေါင်းများစွာ တက်ခဲ့ ရပါတယ် တခါကလည်း ဂနွီ ညီလာခံမှာ အောက်ဗက ကျတော့် ငယ်သူငယ်ချင်း ကိုကျော်ကျော်သိန်း (ယခု ဗွီအိုအေ သတင်းဌာနမှာ သတင်းကြေငြာသူ) နဲ့ တွေ့ ကြတော့ သူက “ဟေ့ကောင်ဇော်ထွန်း ကေကျု ကပြောတယ်ဆို ဗမာပြည်မှာ ပြည်တွင်းစစ်မရှိဘူးလို့ ” ကျတော်သူ့ ကို ကိုကိုကြီး ပြောတဲ့အဓိပါယ်ကို ရှင်းပြပေမယ့် လက်မခံပါဘူး ( အမှန်တော့ ကိုကိုကြီးပြောတဲ့ စကားက အဲဒီအချိန်မတိုင်ခင်က ပြည်တွင်းမှာလှုပ်ရှားနေတဲ့ အဖွဲ့ အစည်းတခု က စတိတ်မန့် တခုထုတ်ပါတယ် အဲဒီ ကြောငြာချက်ထည်းမှာ “ဗမာပြည်ကို ယူနီဖီလ်း
လို့ခေါ်တဲ့ ကုလသမဂ ငြိမ်းချမ်းရေးထိမ်းသိမ်းမှုတ ပ် ၀င်ဘို့ တောင်းဆိုထားတာပါ သူက အဲစာနဲ့ ပတ်သက်ပြီး သူ့ သဘောထားကို မေးတဲ့အခါ ဗမာပြည်မှာ ကုလသမဂ ငြိမ်းချမ်းမှုထိမ်းသိမ်းရေးတပ် ၀င်နိုင်လောက်အောင်ပြည်တွင်းစစ်မရှိသေးဘူးလို့ ပြောခဲံ့ပါတယ် ကုလသမဂတပ်ဝင်ဘို့ က အချက်အလက်တွေအများကြီးလိုပါတယ် သူက အဲဒါကိုရည်ရွယ်ပြီး ဗီယက်နမ်လို လက်ဘနွန် လို ငြိမ်းချမ်းမှုထိမ်းသိမ်းမှု တပ်ဝင်လောက်အောင် ပြည်တွင်းစစ်မရှိဘူးလို့ ပြောခဲ့တာပါ အဲဒါကို ကိုကိုကြီးကို မနာလိုသူနဲ့ တိုက်ခိုက်လိုသူတွေက ဖြတ်ညှပ်ကပ်လုပ်ပြီး “ ကိုကိုကြီးကပြောတယ် ဗမာပြည်မှာ ပြည်တွင်းစစ်မရှိဘူး” ဆိုပြီးပြောခဲ့တာပါ)
တခါကလည်း နာရေးပွဲတခုမှာ “ဘုန်းမော် နှစ်ပတ်လည်ပွဲမှာ ဘိုကြည် (ယခု အေအေပီပီ) ကိုချကြွေးလိုက်ရတာ မတန်ဘူးဖြစ်သွားတယ်” လို့ ပြောလိုက်မိလို့  ကိုဘိုကြည်အမေခမျာ မိုးမလင်းသေးဘူး ကျတော်ဆီရောက်ချလာပြီး“ နင်တို့  ဥက္ကဌက ငါ့သားကို ပြောရက်လိုက်တာဟယ် ” လို့ ဆိုပြီးငိုပါလေရော သူတော်တော်နာကျဉ်းသွားပါတယ် “ ငါ့သား သူ့ ဟာသူ အိမ်မှာအေးဆေးနေတာ နိုင်ငံရေးလောက ထည်းဆွဲသွင်းတာ နင် ထောင်ထည်းထည့်တာ ကိုကိုကြီးလို့ ပြောပြီး ဆုံးသာသွားကော ကျတော့်ကို စကား ခင်ခင်မင်မင်မပြောတော့ပါဘူးမေးထူးခေါ်ပြောလောက်ဘဲ ပြောပါတော့တယ် ကိုဘိုကြည်ကို သူ့ အမေက အရမ်းချစ်တာပါ
သံဃာတော်တွေရဲ့  သပိတ်မှောက်ကံဆောင်ပွဲကို (ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ) မနွလေးမှာ ဦးတင်ရွှေလုပ်ခဲံ့သလို ရန်ကုန်မှာ အဓိကလုပ်ခဲ့သူက ကိုကိုကြီးပါ ရန်ကင်း တောင်ဥက္ကလာ ငါးထပ်ကြီး ခြောက်ထပ်ကြီး ဘုန်းကြီးကျောင်းတွေကို တကျောင်းခြင်းစီ လိုက်ပြီး ဆွေးနွေးခဲ့သူပါ
ကိုကိုကြီးဟာ မိုးသီး သက်ထွန်း အောင်ဒင်တို့ မရှိတော့တဲ့ နောက်ပိုင်း နောက်တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေကို သိပ်အားရပုံမပေါ်ပါဘူး သူကျတော့်ကို အမြဲပြောတတ်ပါတယ် “လုပ်ရတာ အမြဲတယောက်ထည်းဖြစ်နေတယ်” တဲံ့ “ခင်ဗျား နဲ့ တွဲနေတဲ့သူတွေ ဘာဖြစ်နေလို့ လည်းဆိုတော့ “တချို့ ဟာတွေက သူတို့ မလိုက်နိုင်ဘူးဖြစ်နေတယ်” လို့ ပြောပါတယ်၁၉၉၁ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ကျောင်းတက်ရေး မတက်ရေးဆွေးနွေးကြရာမှာ တဖက်က ကျောင်းပြန်တက်မယ် ကျောင်းထည်းမှာ အလုပ်လုပ်မယ် နောက်တဖက်က ထောင်ထည်းက ကျောင်းသားတွေ တောထည်းက ကျောင်းသားတွေ သေသွားတဲ့ ကျောင်းသားတွေ ဥပက္ခာ ပြုပြီးကျောင်းတက်တာ သစ္စာဖောက် လို့  အပြင်းအထန် ဆွေးနွေးကြရင်းနောက်ဆုံးတော့သူ့ ဆုံးဖြတ်ပေးပါတယ် ” ခုချိန်မှာ အဲဒါတွေ ဆွေးနွေးနေကြရင်ပြီးမှာမဟုတ်တော့ဘူး နှစ်ဖက်စလုံးမှန်တယ် အဲဒီတော့ တက်ချင်တဲ့သူ တက်ကြ မတက်ချင်တဲ့သူ နေ အရေးကြီးတာက အလုပ်ဖြစ်ဘို့ ဘဲ ” လို့ ပြောပါတယ် ကျောင်းတွေပြန်ဖွင့်တော့ သူက အဲဒီစာသင်နှစ်ကို ကျောင်းမတက်ဘူး ဆိုပြီး ကျောင်းထွက်လိုက်ပါတယ် တဆက်ထည်းဘဲ ခင်ညွန့် ဆီကို စာတစောင် ပို့ ပါတယ် ကျောင်းသားသမဂ ဖွဲ့ စည်းခွင့်ပြုဘို့ ဆိုပြီးတော့ပါ ဒါပေမယ့် ခင်ညွန့် ဆီက ဘာမှ အကြောင်းပြန်ကြားချက်၇တယ်လို့ မကြားပါဘူး
နောက်ပိုင်း ထောင်ထည်းရောက်ပြီးတဲ့ နောက်ပိုင်းမှာလည်း အပြင်မှာ အမြဲ ရန်ဖြစ်နေကြ ဗကသ မသက ရကတ အောက်ဗ တို့  ကိုပေါင်းစည်းပြီး အပြင်မှာအလုပ်လုပ်နိုင်ဘို့ အတွက် ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ပါတယ် အောင်မြင်တယ်လို့ ပြောရမှာပါဘဲ ထောင်က ထွက်ပြီး မကြာခင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ကို ဖွဲ့ စည်းနိုင်ခဲ့ပါတယ်
သူ့ အကြောင်းအများကြီးရေးလို့ ၇သေးပေမယ့် ထောင်ထည်းမှာ အနစ်နာခံ ကိုယ်ကျိုးစွန့် နေတဲ့ သူအတွက် အနွာရယ် ရှိနိုင်မယ့် အကြောင်းအရာ အဖြစ်အပျက်တွေ စကားလုံးတွေကို ချန်ထားခဲ့ပါတယ် သူပြောတဲ့ စကားတချို့  သူရေးတဲ့ ၀တ္ထု တွေဖတ်ချင်ပါတယ်ဆိုရင်တော့ ကျတော်တို့ အေအေပီပီ ၀က်ဆိုဒ်မှာ သွားဖတ်လို့ ရပါတယ် လင့်ကတော့

http://www.aappb.org/

20 comments:

  1. လာဖတ်ပါတယ် အစ်ကိုတိုးကြီး
    လူတိုင်းဟာမိမိယုံကြည်ရာကိုလွတ်လပ်စွာယုံကြည်ခွင့်ရှိတယ်လို့
    ကဗျာမြင်ပါတယ်။ကိုကိုကြီးက လက်နက်ကိုင်တော်လှန်ရေးကို
    မယုံကြည်ဘူးဆိုတာလည်းသူ့အခွင့်အရေးပါပဲ။
    လူထုမပါရင် မအောင်မြင်ဘူးဆိုတာကိုတော့ကဗျာလည်းလုံးဝထောက်ခံ
    ပါတယ်။
    ကျူးဘားတော်လှန်ရေးမှာ ကက်စထရိုနဲ့ချီဂွေဗါးရားဟာ လက်နက်ကိုင်
    တော်လှန်ရေးနဲ့အောင်ပွဲဆင်ခဲ့ပါတယ်။ ဒါပေမယ့် လူထုကပဲ မတရားအုပ်စိုးသူတွေထံက ရရာလက်နက်တွေကို ရတဲ့နည်းနဲ့လုယူပြီး
    လက်နက်ကိုင်တော်လှန်ရေးထဲဝင်သွားကြပါတယ်။
    ဥပမာ။ ။ ရဲတပ်သားတွေဆီကလက်နက်ကိုလူထုကလုတယ်။
    လွှတ်မြောက်နယ်မြေကို အရောက်သွားတယ်။
    လူထုတွေ တော်လှန်ရေးထဲဝင်လာကြတာများလွန်းလို့နောက်ဆုံး ကိုယ့်လက်နက်ကိုယ်ယူခဲ့ကြပါလို့ ကက်စထရိုနဲ့ချီဂွေဗါးရားတို့က
    ပြောရတဲ့အထိဖြစ်ခဲ့တယ်လို့ ဖတ်ဘူးပါတယ်။

    လူထုပါမှအောင်ပွဲဆင်နိုင်မယ်ဆိုတာအဲဒါကိုပြောတာပါ။
    လွတ်မြောက်နယ်မြေကို လူထုက လက်နက်ရအောင်ယူပြီး
    အရောက်သွားခဲ့ကြတယ်။
    တွေ့ဆုံဆွေးနွေးရေးတခုထဲနဲ့ကတော့ ဒီစစ်အစိုးရကတော့လုံးဝ
    နားပင်းနေတာ အနှစ် ၂၀ ကျော်ပါပြီ။
    တော်လှန်ရေးကို ဘက်စုံလုပ်သင့်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်အနေအထားကတော့တွေ့ဆုံဆွေးနွေးရေး
    စကားပဲပြောနိုင်ပါတယ်။
    ကျန်သူတွေက လူထုပါလာဖို့အတွက်။ ဘက်စုံပြင်ဆင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
    ဥပမာ။ ။ မင်ဒဲလားက က တွေ့ဆုံဆွေးနွေးရေးပြောနေသလို
    အခြားတဘက်ကလည်းလက်နက်ကိုင်တော်လှန်ရေးအပါအဝင်
    ဘက်စုံတော်လှန်နေကြတာပါ။

    ဒါနဲ့အစ်ကိုတိုး စကားမစပ် ကဗျာကြားဘူးတာ လွတ်မြောက်နယ်မြေဆိုတာ
    ကိုယ့်တိုင်းပြည်ထဲက ရန်သူနယ်မြေကိုသိမ်းပိုက်အောင်ပွဲခံပြီးမှ
    လွတ်မြောက်နယ်မြေလို့ခေါ်တာမဟုတ်လား?

    ထိုင်းနိုင်ငံ မဲဆောက်မှာ ဖွဲ့ထားတဲ့ လွတ်မြောက်နယ်မြေ ဆိုတာ
    သူများနိုင်ငံမှာ လွတ်မြောက် နေတာလား ?

    ကိုယ့်နိုင်ငံထဲမှာပဲအောင်ပွဲရသိမ်းပိုက်နိုင်မှ လွတ်မြောက်နယ်မြေလို့
    ကဗျာ ယုံကြည်နေတော့ မျက်စေ့လည်သွားလို့ပါ။
    အင်းးးးးးးးးးးလေ ကဗျာ့ကိုကြီးတို့ ကျောင်းသားတပ်ကလည်း
    အနှစ် ၂၀ကျော် မှာ ကော့ကရိတ်နဲ့ မြဝတီ လောက်သိမ်းပိုက်
    နိုင်ခဲ့ရင် ကောင်းသားနော်။
    ကိုကိုကြီးနဲ့အနစ်နာခံနေရတဲ့ ကျောင်းသားခေါင်းဆောင်များ
    စွန်လွှတ်သူများကိုဦးညွှတ်လျက်
    ကဗျာဦး

    ReplyDelete
  2. ဟုတ်
    ယေဘူယျ အနေနဲ့ နဲ့ ကတော့ ညီမလေးပြောတာမှန်ပါတယ် ဒါပေမယ့် ခုလောလောဆယ် သုံးနေတဲ့ လွတ်မြောက်နယ်မြေအဓိပါယ်ကတော့ ရန်သူမကြီးစိုးနိုင်ဘဲ ရန်သူအဖမ်းဆီးကင်းလို့ ကိုယ့်အင်အားစုတွေ အများစုရှိတဲ့နေရာကို လွတ်မြောက်နယ်မြေလို့ သုံးနုန်းနေကြတာပါ တကယ်တော့လည်းအဲနေရာတွေကလည်းမလွတ်မြောက်ပါဘူး မဲဆောက်ဆိုလည်း ထိုင်းရဲ နဲ့ ထိုင်းလမ်းသရဲ တွေမျက်နှာကြည့်နေရတာပါ ကေအန်ယူ နယ်မြေ ကယားနယ်မြေ အစရှိတဲ့ နေရာတွေမှာလည်းသူတို့ တွေ မျက်နှာကြည့်နေရတာပါဘဲ ---
    ကျောင်းသားတပ်ကလည်း ၁၉၉၁ မှာ ကျတော်တို့ တပ်ရင်းမှုး မျိုးသန့် နဲ့ ပြောဘူးတယ် သူပြောတာကတော့ မြို့ သိမ်းတာကလွယ်တယ် ဒါပေမယ့် သိမ်းထားပြီးသားမြို့ ကို ရေရှည်ထိမ်းထားနိုင်ဘို့ က မလွယ်ဘူးတဲ့ ရန်သူက အင်အားနဲ့ ထိုးလာရင် ကြားထည်းက ပြည်သူနာမယ်တဲ့ ကိုယ့်တပ်တွေက ပြန်ဆုတ်လို့ ၇ပေမယ့် ရန်သူက ပြည်သူကိုညိုးမယ်လေ၁၉၉၂ က ဘိုကလေးတိုက်ပွဲ ကြည့်ပါလား ရန်သူက ယုတ်မာတာဘာမှမဆိုင်တဲ့  ရွာတွေ အကုန်မီးရှို့ ပြစ်တာလေ ---
    နောက်တခုက လက်နှက်ကိုင်တော်လှန်ရေး လိုအပ်တယ်လို့ ခုချိန်ထိ ကျွန်တော်လည်းမြင်နေတုန်းဘဲ ဘာလို့ လည်းဆိုတော့ လက်နှက်မရှီရင် ရန်သူက မလေးစားဘူး ရန်သူစားပွဲဝိုင်းပေါ်ရောက်လာဘို့ အတွက် လက်နှက်ကိုင်နည်းလမ်းနဲ့ လည်းတွန်းပို့ နိုင်ရမယ် လို့ ထင်တယ် ကျတော့်အမြင်ပါ

    ReplyDelete
  3. နောက်တခုက သူဆိုလို ချင်တာကလည်း ကိုယ်သန်ရာကိုယ်လုပ်ပေါ့ သူလည်း သူနိုင်တဲ့ ၀န် သူသန်တဲ့လိုင်းကိုလုပ်တာပါ သူမမှားပါဘူး

    ReplyDelete
  4. စိတ်ဝင်တစားဖတ်သွားပါတယ်ရှင်
    မကဗျာရေးတဲ့ကွန်မန့်ရောကိုတိုးကြီးပြန်ရေးတဲ့ကွန်မန့်ပါ
    အားပါးတရဖတ်သွားပါတယ်
    ဗဟုသုတရပါတယ်ရှင်

    ReplyDelete
  5. အောင်မယ်လေး ပျောက်လှချေလား ဘိုးတော်ရေ
    ဒီတခေါက်ပျောက်တာ တယ်ကြာသကိုး
    ကျွန်တော်တို့က တခုခုဖြစ်နေပြီ မှတ်တာ
    ကိုကေကျူမွေးနေ့မှပဲ ပြန်ပေါ်လာတော့တယ်
    အဆင်ပြေပါစေဗျာ
    ကျွန်တော်အမြင် ပြောရရင်တော့ အာဏာရှင်အစိုးရဟာ သပိတ်စုံ သူပုန်ထတဲ့ လမ်းစဉ်နဲ့မှ ပြုတ်ကျမှာပဲ။ ခုဖြစ်နေတာက အတိုက်အခံအင်အားစုတွေ တိုင်ပင်မညီဘူး။ တကယ်သပိတ်စုံခဲ့တဲ့ ၈၈ မှာ မိုင်းယန်းနဲ့ မဲသဝေါကို အချိန်နောက်ကျမှ ထိုးစစ်စတယ်။ ကွန်မြူနစ်ပါတီ ပျက်သွားတယ်။
    ၁၉၉၀-၉၂ နယ်စပ်ဒေသ တကယ်စစ်ပူနေတဲ့ ကာလတွေမှာ မြို့ပြ ယူဂျီလှုပ်ရှားမှုက ဖြစ်သင့်တာလောက် တက်မလာခဲ့ဘူး။
    ၂၀၀၇ ရွှေဝါရောင်ကျတော့ လက်နက်ကိုင်တိုက်ပွဲဆိုတာ အရုပ်ရေးပြရလောက်အောင် ရှားနေပြီ။
    သပိတ်စုံ သူပုန်ထလို့ ပြောလိုက်လို့ ကျွန်တော့်ကို ကွန်မြူနစ်ဆိုပြီး ၀ိုင်းရိုက်နေပါအုန်းမယ်ဗျာ ဟ ဟ ဟ ဟ

    ReplyDelete
  6. ကိုကိုကြီးမွေးနေ့အကြောင်းအာအက်ဖ်အေမှာနားထောင်ပြီး
    ထပ်လာလည်ပါတယ်။ ကိုကိုကြီးက ထောင် ၆၅ နှစ်ထပ်ကျတာပဲ။
    အထက်က ကိုဖုန်းရေးတာတွေဟာလည်းမှတ်သားစရာတွေပါ။

    ၁၉၉၀-၉၂ နယ်စပ်ဒေသ တကယ်စစ်ပူနေတဲ့ ကာလတွေမှာ မြို့ပြ ယူဂျီလှုပ်ရှားမှုက ဖြစ်သင့်တာလောက် တက်မလာခဲ့ဘူး။
    ၂၀၀၇ ရွှေဝါရောင်ကျတော့ လက်နက်ကိုင်တိုက်ပွဲဆိုတာ အရုပ်ရေးပြရလောက်အောင် ရှားနေပြီ။

    အဲဒီစာပုဒ်ကို စဉ်းစားနေမိတယ်။ ၂၀၀၇ မှာ မင်းကိုနိုင် ၊ ကိုကိုကြီးနဲ့ကျောင်း
    သားခေါင်းဆောင်တွေ ရဟန်းတွေ အတော်များများနှစ်ရှည်
    ထောင်ဒဏ်ချခံလိုက်ရတယ်။
    သူတို့အားလုံးလူထုတိုက်ပွဲအတွက် အဓိကလှုပ်ရှားခဲ့ကြတာပါ။
    ကဗျာ ရဲ့အမြင်ကိုပြောပြရရင် လူထုလှုပ်ရှားမှုအတွက်
    မြေအောက်လှုပ်ရှားမှု မကျစ်လစ် မခိုင်မာဘူးလို့မြင်ပါတယ်။
    သပိတ်စုံ သူပုန်ထ ဖို့ အဓိက မြေအောက်လှုပ်ရှားရမှာ ဖြစ်တယ်
    ဌာနဆိုင်ရာ နေရာတကာမှာ ဦးစွာပထမ ခိုင်မာစွာဝင်နေသင့်ပါတယ်
    မခိုင်မာပဲ လူထုလှုပ်ရှားမှုကိုအကောင်အထည်ဖေါ်လိုက်မိရင်
    ရန်သူက ကောက်သင်းကောက်သလို ကောက်သွားမှာပါ
    နောက်တခုက ပြည်ပက အဖွဲ့အစည်းပေါင်းစုံရော။ အဝေးရောက် အစိုးရရော။ ပြည်ထောင်စုအစိုးရဖွဲ့
    မယ့်သူတွေရော။ ပြည်တွင်းမြေအောက်ကိုအဓိက အုတ်မြစ်ချသင့်
    ပါတယ်။
    ဒါကတော့ ( သပိတ်စုံ သူပုန်ထ ) မထခင် ပြောတာပါ။
    ၈၈၈၈ နဲ့မတူအောင် နအဖက အနှစ် ၂၀ လုံးလုံး ပြင်ဆင်ထားချိန်
    ရသွားပါပြီ။
    နောက်တခုက လက်နက်ကိုင်တော်လှန်ရေးအားပြတ်တာကတော့
    အမှန်ပါပဲ။
    ကိုဖုန်းနဲ့အစ်ကိုတိုး ကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. ဟုတ်ပ ဆရာဘုန်းရေ
    အဲဒီအယူအဆပေါ့ သပိတ်စုံ သူပုန်ထ အယူဆလေ အတွေ့ အကြုံလေးတခု ပြောပြမယ် ပထမ တခေါက် ထောင်ထည်းရောက်တော့ ထောက်လှမ်းရေး ၇ က စစ်တာကိုး အဲကောင်တွေကလည်းတော်တော်ကြမ်းတဲ့ကောင်တွေ ကျတော့်ကို ခေါ်ဆွေးနွေးတယ်လေ စစ်ကြောရေးထုတ်တာပေါ့ ကျတော်ကလည်း အဲအချိန် ထောက်လှမ်းရေးအတွေ့ ကြုံ မရှိသေးတော့ အူကြောင်ကြားပေါ့ ဘယ်လိုဖြေရမယ်ဆိုတာ သိပ်မတတ်သေးဘူးကိုး (ခုတော့ထောက်လှမ်းရေးကို ဘယ်လို ပတ်ရမယ်ဆိုတာ သိသွားပြီ စစ်ကြောရေး အခါ ၂၀ လောက်ဝင်ပြီး မျော့မျော့လေးကျန်လို့ သင်ခန်းစာတွေ ရလိုက်တယ်လေ)
    သူကမေးတယ်
    “မင်းတို့  မြို့ ပေါ်မှာ ဟိုအော်ဒီအော် အော်နေတာ ငါတို့ အလုပ်ရှုပ်တယ် ဖမ်းတော့လည်း ငါတို့ နံမယ်ပျက်တယ် မင်းတို့ တောခိုမလား လိုက်ပို့ ပေးမယ် ဒါမှမဟုတ်ကိုယ့်ဟာကိုယ် သွားချင်ရင် လမ်းစရိတ်ပေးလိုက်မယ်”
    “မဟုတ်ဘူးလေ လက်နှက်ကိုင်တော်လှန်ရေး တခုထည်းနဲ့ လုပ်လို့ မရနိုင်ပါဘူးလို့ ကျတော်သိတယ်”
    “ဘာကွ ဒါဆို မင်းတို့ ခုလို လျှောက်အော်နေလို့ ကော မင်းတို့ လိုချင်တဲ့ဒီမိုကရေစီ ရကောလား”
    “ အဲလိုလည်းမရနိုင်သေးပါဘူး”
    “ မင်းက လက်နှက်ကိုင်တော်လှန်ရေးလည်း မယုံဘူး ဟိုအော်ဒီအော် အော်လို့ လည်းမရနိုင်ဘူးဆိုတော့ မင်းက ဘာယုံတာလည်း ပျော်လို့ လျှောက်အော်နေတာလားပြောစမ်း”
    “ မဟုတ်ဘူး အထည်းကလူတွေ လူထုလှုပ်ရှားမှုတွေ လုပ်သလို တချိန်ထည်းမှာ အပြင်က လက်နှက်ကိုင်အင်အားစုတွေက တိုက်ပြီး မြို့ တွေ သိမ်းနိုင်တဲ့ အတွင်းအပြင်ညှပ်တိုက်တဲ့ တိုက်ပွဲမျိုးကိုယုံကြည်ပါတယ်”
    သူ စားပွဲကို “၀ုန်း” ဆို လက်နဲ့ ထုလိုက်ပြီး
    “အေး မင်းပြောတဲ့ အတွင်းအပြင် ညှပ် တိုက်တဲ့တိုက်ပွဲ ဒီလိုလားကွ”
    ဆိုပြီး နားနှစ်ဖက်ကို လက်ဝါးနဲ့ ညှပ်ရိုက်လိုက်တာ
    ဆရာဘုန်း ရေ ၃ ရက်လောက် ဘာမှမကြားရတော့ဘူး နားထည်းက သွေးတွေ ထွက်လာလိုက်တာလေ အဲအချိန်က စပြီး အတွင်းအပြင်တိုက်ပွဲနဲ့  သပိတ်စုံသူပုန်ထ ဆိုတာတွေ ကြားတာနဲ့ ကို ကြောက်ပြီး မပြောရဲတော့ဘူးဗျိုး သင်ခန်းစာတွေ ရလိုက်တာလေ နား ၂ ဘက်နဲ့ ရင်းလိုက်ရတဲ့ သင်ခန်းစာပေါ့
    မကဗျာဦးပြောသလို လက်နှက်ကိုင်တိုက်ပွဲ ရှားလာပြီဆိုတာက ဆရာဘုန်း ပိုသိမှာပါ ကမ္ဘာပေါ်မှာ လက်နှက်ကိုင်တော်လှန်ရေးကို သိပ်လက်မခံကျတော့ဘူး အေဘီအက်စ်ဒီအက်ဖ်ဆို လက်နှက်ကိုင်တော်လှန်ရေး ကိုလက်ကိုင်ထားလို့ ဆိုပြီး ထောက်ပံ့တာတွေ ဖြတ်ထားလို့  ရပ်တည်ဘို့ တောင် အခက်ခဲ ရှိခဲ့ဘူးတယ်လေ
    နောက်တခု ပြည်တွင်း ယူဂျီ မြုတ်တဲ့ကိစ္စ လုပ်တော့လုပ်နေကြတယ်ပြောလို့မကောင်းဘူး ဒါကြောင့်မဆွေးနွေးတော့ဘူး ဒါပေမယ့်သေချာတာတခုကလည်း ကိုယ်က သူ့ ဘက်မှာ မြုတ်ထားတာရှိသလို ရန်သူက ကိုယ့်ဘက်မှာ ထည့်ထားတာလည်း အများကြီး လက်ရှိလှုပ်ရှားနေတဲ့ သူတွေ ထည်းမှာ ၁၀ ယောက်မှာ အနဲဆုံး ၂ ယောက်လောက်က သူတို့ လူဖြစ်နေတတ်တယ် ဘာမှမလုပ်ရသေးဘူး သတင်းကပေါက်တယ် သတင်းပေးတွေ အရမ်းများတယ် ကျတော်ထင်တယ် အဲလိုကောင်တွေ အရင်ဖော်ပြီး အရင်ရှင်းပြစ်သင့်တယ်လို့ လေ
    နောက်တခုက လူသစ်မွေးဘို့ ကတော်ယုံ ပြည်တွင်းကလူကလည်း နဲနဲကြောက်လာတယ် အပြင်ကလူတွေ ဖော်လိုက်လို့ အထည်းကလူတွေ ဒုခရောက်တာအများကြီး ကျတော့်ဆောင်းပါးတပုဒ်ထည်းမှာရေးဘူးပါတယ် ကိုသက်ခိုင်တို့ ဦးအုန်းသန်းတို့ ဆို ဖော်ချလိုက်တာမှ လဘက်ရည်ဝယ်ပေးတဲ့သူတောင်မချန်ဘူး ရက်စက်ပ အဲဒါမျိုးတွေလည်း သိနေတော့ တော်ယုံလူတွေက မလုပ်ပေးရဲတာလည်းပါပါတယ် လာဖတ်တဲ့အတွက်ကော ဆွေးနွေးပေးတဲ့ အတွက်ကော ကျေးဇူး

    ReplyDelete
  8. အစ်ကိုတိုးရေ
    လာဖတ်ပါတယ်။ အစ်ကိုတိုးကလက်တွေ့ခံစားခဲ့ရတာပိုသိမှာပါ။
    ဘာပဲဖြစ်ဖြစ်လေ။ ပြောင်းလဲတတ်တဲ့သဘောတရားအရ
    အချိန်နဲ့အမျှ ပြောင်းလဲနေမှာပါ။
    ပြည်ပက ပျော်ရွှင်လန်းဆန်းစွာပညာသင်နေကြတဲ့မျိုးဆက်သစ်
    ကလေးငယ်တွေကိုကြည့်ပြီး။ ရင်ထဲမှာနာနာကျဉ်ကျဉ်တွေးမိတာကတော့
    မြန်မာပြည်တွင်းက ထမင်းဆာလောင်ပြီး ညှိုးနွမ်းနေကြတဲ့ မျိုးဆက်သစ်ကလေးငယ်တွေဟာ
    အနာဂတ်အတွက် တိုက်ပွဲဝင်နေကြအုံးမှာပါလေ။

    ReplyDelete
  9. စွန့်လွှတ်အနစ်နာခံသူများကိုလေးစားဦးညွှတ်လျက်ပါဗျာ

    ReplyDelete
  10. သေချာ ဖတ်သွားတယ် ကိုတိုးကြီး.။
    သူ့ကို အပြည့်အဝ အထောက်ခံပေမဲ့ အခြေအနေတစ်ရပ်အထိတော့ လက်ခံပါတယ်။
    ကျနော်ကတော့ မြန်မြန်သမား ဖြစ်မယ် ဆိုရင် ကျနော် သေသွားပါစေ...................................

    ReplyDelete
  11. ကွန်မန်းတွေလည်းအားပါးတရဖတ်သွားပါတယ်ဗျာ

    ReplyDelete
  12. အစ်ကိုတိုး
    ဓါတ်ပုံလာယှဉ်ကြည့်ပါအုံး

    ReplyDelete
  13. ၀ိုင်းဝန်းဆွေးနွေးကျတဲ့ မကဗျာနဲ့ အကိုတိုးကို ကျေးဇူးတင်ပါတယ်။
    ဘိုးဘိုးတိုးကို နားအုံဗျင်းလိုက်တယ်ဆိုတာကတော့ဗျာ။ ဘိုးက ကကလှမ်းက လူယုတ်မာတွေကိုမှ ပါတီ အီးစီအစည်းအဝေးထဲမှာလို မိတ်ဖက်ချင်း သွားဆွေးနွေးတာကိုးဗျ။ ဒါကြောင့် သုံးရက်လောက်နားအေး ပါးအေး အနားယူရအောင် သူတို့က ကုသိုလ်ပြုလိုက်တာပါ။ ဟဲ ဟဲ နောက်တာနော်။

    ဘိုးတိုးတို့ ခေတ်က ထောက်လှမ်းရေးကလည်း အညစ်အပတ် အညှစ်အသတ် နေရာမှာ ထိပ်ခေါင်တင်လို့ပြောရအောင် မကောင်းတဲ့ဘက်မှာ ဆရာကြီးတစ်ဆူ ဖြစ်နေသူတွေကိုယ်တိုင်က ထိန်းကျောင်းထားတာဆိုတော့ လက်သံလည်း ပြောင်တယ်၊ အဖမ်းအဆီးလည်း ကျွမ်းတယ်၊ ပြောရရင်တော့ဗျာ. ယုတ်မာတဲ့နေရာမှာ ကမ်းကုန်ဆိုတဲ့ ကောင်တွေချည့်ပါပဲ၊

    ခုများတော့ သူတို့လည်းလေ မင်း ခစား ကမ်းနားသစ်ပင်မို့ အထဲရောက်တဲ့သူရောက် အပြင်မှာ မူးစေ့ မတ်စေ့ ကုန်းကောက်ရတဲ့သူ ကောက်နေပါပြီ။ ၂၀၀၃ နောက်ပိုင်း ထောက်က ကောင်တွေတော့ တယ်မစွံလှဘူးဗျို့၊ အရင်ကောင်တွေပါတဲ့ မစင်နဲ့တောင် မတန်ဘူး၊ နယ်မြေခံရဲက ခိုင်းတာကို ပြန်လုပ်ပေးနေရတဲ့ သပေါက်မသားတွေ အဆင့်ရောက်နေပါပြီ။ ဒါကြောင့်လည်း ၂၀၀၇ ရွှေဝါရောင်ကျတော့ ဒီကောင်တွေ ကြံဖွတ်လောက်တောင် သောက်သုံးမကျ သောက်ရေးမပါတဲ့ နေရာကို ရောက်သွားရပါတယ်။ သင်္ခါရပဲ ပေါ့ဗျာ၊

    အဲ... ခုနေအခါများကျတော့ ဘိုးတိုးပြောသလိုပဲ၊ လက်နက်ကိုင်တော်လှန်ရေးကို အပြည်ပြည်ဆိုင်ရာ ဆရာ့ဆရာကြီးများကိုယ်တိုင်က ၀ိုင်းဝန်းရှုတ်ချတဲ့သကာလ အိမ်နောက်ဖေးက ထင်းခုတ်ဓါးမတောင် ရဲရဲမကိုင်ဝံ့တဲ့ ဘ၀ရောက်နေပါပြီ။ အေဘီကို မထောက်ပံ့တာ ထားပါတော့၊ ဘ၀တလျှောက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ဖူးတဲ့ဆိုတဲ့ ရာဇ၀င်ရှိမိတာနဲ့ ဒုက္ခသည်တွေကိုတောင် ဟိုးထား လုပ်လွန်းလို့ ကျီးမမည် ကြက်မမြောက်နဲ့ အနာဂတ်တွေ ပျောက်နေရတဲ့ တော်လှန်ရေးသမားဟောင်းမိသားစုတွေ ပေါချင်းသောချင်းကို ဖြစ်နေမင့်ဟာပဲ၊

    ပြည်တွင်း ယူဂျီကတော့ ကျနော်နည်းနည်း အလှမ်းဝေးလို့ သိပ်မသိတာမို့ မဆွေးနွေးဝံ့ပါဘူး။ သေချာတာလေးတစ်ခုကိုတော့ ပြောပရစေ၊ သူ့ဖက်မှာ ကိုယ့်လူ ဘယ်နှယောက် မြှုပ်နိုင်တယ်ဆိုတာ သေချာမသိပေမဲ့ သူ့ဖက်က လူတွေ ကိုယ့်ဖက်မှာ မြှုပ်နေတာများ မာနယ်ပလော စခန်းရှေ့က မိုင်းကွင်းထဲ အပ်ချစရာမရှိတာ ကျနေတာပဲဗျာ။ တချို့ကလည်း ပေါ်တင်ကို သတင်းပေးဖြစ်နေတာ၊ အထောက်အထားမရှိတော့ ဘာမှမလုပ်နိုင်ဘူး။ လုပ်နိုင်ရင်လည်း အများစုက ထုတ်ပစ်၊ ဥပက္ခောပြုရုံကလွဲပြီး ဘာအပြစ်မှ မပေးနိုင်ဘူး၊ လွတ်မြောက်နယ်မြေဆိုတာကလည်း သူများတိုင်းပြည် အာဏာစက်ထဲမှာလေ။ ဘိုးတိုးပြောသလို ကိုယ့်ဖက်က ဖမ်းခံလိုက်ရတဲ့ ဆရာအချို့ကလည်း (ခုနောက်ပိုင်း အဲလိုလူတွေ ပိုများလာတယ်) ဖော်လိုက်တာ ဘာမဆိုင် ညာမဆိုင်ဆိုက်ကားဆရာတောင် မချန် ဆွဲထည့်နေလို့ ဖမ်းမဲ့ကောင်တွေတောင် မဖမ်းနိုင်တော့လို့ ထောင်ပြည့်ပါတော့မယ်ဟဆို တားယူရတဲ့အဆင့် ဖြစ်နေပြီ၊ အကိုတိုးပြောသလို ကိုယ့်လူ သူ့ဘက်သားတွေကို ရှင်းထုတ်နိုင်ရင်တော့ အကုန်ဆုံးပေါ့လေ၊ သို့သော် ၂၀၁၀ အမဲရိုးကြောင့် သွားရည်တမြားမြားဖြစ်နေတဲ့ ကိုယ့်ဖက်က ဆရာ့ဆရာကြီးတွေကိုတောင် မနည်းဖျောင်းဖျ နားချဖို့ မတတ်နိုင်သေးလေတော့...... ကိုယ့်စည်းရိုးကို ကိုယ်တောင် မနည်း အနိုင်နိုင် ကာနေရတဲ့ဘ၀......
    သစ္စာမဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးတဲ့အတိုင်း ပြောချင်ပါတယ်။
    ငါဒို့ရန်သူဆိုတာ စက္ကူကျား သက်သက်ပဲ။ ငါဒို့ရန်သူမှာ လူထုထောက်ခံမှု မရှိသလောက်ကို ဖြစ်ပြီး အဖက်ဖက်က ဆုတ်ယုတ် ယိုယွင်းပျက်စီးနေလိုက်တာ မတ်မတ်တောင် မရပ်နိုင်တော့ဘူး။ ငါဒို့တတွေ လက်ညှိုးငေါက်ငေါက် ထိုးလိုက်ရုံနဲ့ ရန်သူဟာ မြေပေါ် ဘုံးဘုံးလဲကျတော့မှ အခြေအနေ...
    အင်း .. အဲဒီအခြေအနေမှာ ငါဒို့ဖက် ကြည့်ပြန်တော့လည်း ကိုယ်လက်ညှိုးတောင် ကိုယ်အနိုင်နိုင်သယ်နေရတဲ့ ဘ၀ဆိုတာမျိုး ဖြစ်နေပါပြီ မိတ်ဆွေများတို့ရေ.......

    ReplyDelete
  14. လိုက်လာလည်ပါတယ်ရှင်
    အန်တီခေါ်လို့သဘောကျနေတယ်
    တူလေးတိုးတိုး

    ReplyDelete
  15. အစ်ကိုတိုးနဲ့ကိုဖုန်း
    ငါဒို့ရန်သူဆိုတာ စက္ကူကျား သက်သက်ပဲ။ ငါဒို့ရန်သူမှာ လူထုထောက်ခံမှု မရှိသလောက်ကို ဖြစ်ပြီး အဖက်ဖက်က ဆုတ်ယုတ် ယိုယွင်းပျက်စီးနေလိုက်တာ မတ်မတ်တောင် မရပ်နိုင်တော့ဘူး။ ငါဒို့တတွေ လက်ညှိုးငေါက်ငေါက် ထိုးလိုက်ရုံနဲ့ ရန်သူဟာ မြေပေါ် ဘုံးဘုံးလဲကျတော့မှ အခြေအနေ...
    အင်း .. အဲဒီအခြေအနေမှာ ငါဒို့ဖက် ကြည့်ပြန်တော့လည်း ကိုယ်လက်ညှိုးတောင် ကိုယ်အနိုင်နိုင်သယ်နေရတဲ့ ဘ၀ဆိုတာမျိုး ဖြစ်နေပါပြီ မိတ်ဆွေများတို့ရေ.......

    ကိုဖုန်းဖတ်ဘူးတဲ့ အထက်က အဲဒီစာပုဒ်လေးကိုစဉ်းစားနေမိတယ်။
    သူတို့ဖက်က လက်ရှိနှစ်ပေါင်း၂၀ ကျော် အာဏာရထားပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သူတို့စိတ်တိုင်းကျလုပ်တော့မယ်။
    ကိုယ့်ဘက်ကလည်း
    ကိုယ်လက်ညှိုးတောင် ကိုယ်အနိုင်နိုင်သယ်နေရတဲ့ ဘ၀ဆိုတာမျိုး ဖြစ်နေပါပြီ မိတ်ဆွေများတို့ရေ.......
    ဆိုတော့
    ဒီအတိုင်းလက်ပိုက်ကြည့်နေရတော့မယ်ဆိုတဲ့သဘောလား?
    ဆွေးနွေးကြည့်ရအောင် အစ်ကိုတိုးနဲ့ကိုဖုန့်း့ ??????

    စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ သူတို့ရေးဆွဲထားတဲ့အခြေခံဥပဒေမှာ- ဥပမာလေးတခုပြောမယ်။ (ပုဒ်မ၁၂၁ပုဒ်မခွဲည) စစ်ဗိုလ်စစ်သားဟာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခွင့်ရှိတယ်။???????????????????

    (ပုဒ်မ၂၆( က ) ) အစိုးရဝန်ထမ်းဟာ ပါတီနိုင်ငံရေးကင်းရှင်းရမယ်။
    ( အဲဒီနှစ်ခုယှဉ်ကြည့်ရင် စစ်ဗိုလ်စစ်သားဟာ ပြည်သူ့ဝန်ထမ်းမဟုတ်ဘူးလားလို့ မေးခွန်းထုတ်စရာဖြစ်လာပြီ။ ) ရှေ့နောက်မညီဘူး ( လုံးဝ) ဆန့်ကျင်နေတယ်။?????????????

    ပုဒ်မ၄၄၅ စစ်တပ်က ဘယ်လိုပဲသတ်သတ်ဘယ်လိုပဲညှင်းပမ်း။
    ကျူး လွန်တဲ့ရာဇဝတ်မှုများသည်။လွှတ်ငြိမ်းခွင့်ရထားပြီးဖြစ်တယ်။
    ?????????????????????????????????????????????????????
    အရေးကြီးဆုံးကတော့-အခန်း၅ ပါပဲ။ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ စစ်ဦးစီးချုပ်ရှိတယ်။တိုင်းပြည်မငြိမ်သက်လာရင် အချိန်မရွေး အာဏာသိမ်းနိုင်တယ်။?????????????????????????????

    အဲဒါပဲစဉ်းစားကြည့်ပေါ့ ရွေးကောက်ပွဲနဲ့သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေ။ ဘယ်မှာလဲ ဒီမိုကရေစီစစ်စစ်?????????

    လက်ခံလိုက်ရင် အနှစ်၁၀၀ ကျော် သွားလိမ့်မယ်
    ဗေဒါရီကို ဗူးသီးခြောက် အပေါက်ဖေါက်ပေးပြီးရေခပ်ခိုင်းသလို
    ဖြစ်နေမှာပဲ။
    ကဗျာတို့ခေါင်းဆောင် ကိုယ်စားလှယ်တွေမပါပဲ မဆွေးနွေးပဲ ။ အခြေခံဥပဒေကို မပြင်ပဲ လုပ်မယ်ဆိုရင် ကဗျာတို့ ပြည်သူလူထုကိုယ်တိုင်ကပဲ ဆန့်ကျင်ရမှာဖြစ်တယ်။ အသက်သွေးချွေးတွေပေးခဲ့ကြပြီ။ ဆက်ပြီးပေးနေရအုံးမယ်။
    ???????????????????????????????????????????????
    လူထုအစိုးရတရပ် ဖြစ်ပေါ်လာဖို့ လူထုကပဲ လုပ်ရမှာပါ ထင်ရာစိုင်းနေကြသူတွေ မတရားအုပ်ချုပ်သူတွေကို ဖြုတ်ချဖို့က လူထုပဲလုပ်နိုင်တယ်။ အချိန်ကာလ ကြာချင်ကြာမယ်။ မတရားတာမှန်သမျှ လူထုက လုပ်သွားပါလိမ့်မယ်။
    လေးစားလျက်

    ReplyDelete
  16. ဆွေးနွေးချက်တွေဖတ်ရတာ
    အားရတယ်ဗျာ
    ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ

    ReplyDelete
  17. ခေတ်စနစ်တွေဘယ်လိုပြောင်းသော်လည်း
    နင်းပြားဘဝ ဒုံရင်းကတော့ လယ်သမားတွေပါပဲ။
    ၂၀၁၀ ရွေကောက်ပွဲအလိုမရှိပါ။

    ReplyDelete
  18. ဟုတ်ပါတယ် မကဗျာဦး
    ကျွန်တော် မကြိုက်ဆုံးလည်းအဲဒါတွေဘဲ
    ၂၅ ရာခိုင်နုန်း အလကားယူထားတယ်
    ဒုတိယက သမတ စစ်တပ်ကဖြစ်ရမယ်
    တတိယ စစ်တပ်က အချိန်မရွေးအာဏာသိမ်းခွင့်ရှိတယ်
    စတ္တုထဖွဲံ့ စည်းပုံပြင်ဘို့ က ၇၀ ရာခိုင်နုန်းလောက်မှ ပြင်ခွင့်ရှိတယ်ဆိုတော့
    ဘာကျန်သေးလည်း အဲဒါကိုလက်ခံတဲ့ကောင်တွေ နားမလည်ဘူးလား မသိဘူး ကျန်တဲ့သူတွေထားတော့ ဦးသုဝေ လိုလူမျိုးကလက်ခံတယ်ဆိုတာအံ့သြလို့ မဆုံးဘူး
    သေချာစဉ်းစား သူတို့ ရွှေးကောက်ပွဲဆိုတာ ကျတော့်အမြင်မသေချာနိုင်သေးဘူး အယ်နယ်ဒီ အပေါ်လုံးဝမူတည်နေတယ် ရွှေဂုန်တိုင်ကို အပိုင်ကိုင်ထားသရွှေ့  နအဖ လျှော့ပေးရလိမ့်မယ် အယ်နယ်ဒီက ရွှေးကောက်ပွဲ ၀င်မယ်လို့ ကြေညှာလိုက်ရင်တော့သွားပြီ ရေစုန်မျောပြီ
    ဒါပေမယ့် လုပ်တဲ့သူတွေလည်းလုပ်နေကြတယ် တခုခုတော့ထူးမယ်ထင်ပါတယ်

    ReplyDelete
  19. ကျတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ ဘာလည်းဆိုတာ နဲနဲ ပြန်စဉ်းစားပြီး ရေးကြည့်လိုက်မယ် အရင်က သင်တန်းတက်ဘူးတုန်းက ဟာလေးတွေပေါ့ မနဲပြန်စဉ်းစားပြီးရေးလိုက်ပါ့မယ် မကဗျာဦး

    ReplyDelete
  20. ၂၀၀၈ အခြေခံဥပေဒဆိုတာကတော့ဗျာ။ ဘယ်ဖက်က ကြည့်ကြည့်ကို လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ဒါကို အားလုံးလည်း သိနေကြပါတယ်။ ဒါပေမဲ့ ခက်နေတာက ပြည်ပအတိုက်အခံအင်အားစုတွေရော ပြည်တွင်းက နိုင်ငံရေးသမားများအားလုံးက တပြိုင်တည်း ဆန့်ကျင့်နိုင်ကြဖို့ လိုပါတယ်။ သူတလူ ငါတမင်းနဲ့ ရသလောက် ယူထား ဈေးမများဘူး ဆိုတဲ့သူတွေက တမိုးလုံးဖျောက်ဆိတ်လို ပေါ်နေတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့အခြေအနေတစ်ခုပါ၊
    ဘိုးတိုးပြောသလို ဦးသုဝေလို တကယ့်လုပ်ခဲ့တဲ့သူမျိုးတွေတင်မကတော့ဘူး ခုကြားနေရတာက ဒီချုပ်ထဲမှာကို ၂၀၁၀ ကို အကဲစမ်းတဲ့သဘောနဲ့ နည်းနည်းခွဲထုတ်ပြီး ၀င်ကြည့်မလား (ပင်မပါတီကြီးကတော့ ရွှေဂုံတိုင်ကြေငြာချက်ကို ဆက်လက်ဆွဲကိုင်ထားမယ်ပေါ့) ဆိုတဲ့ သဘောထားတွေက တော်တော်ခေတ်စားနေတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ဗျာ။ ဒီလို သို့လော သို့လော သံသယတွေပွား အတွေးတွေများနေကြတာ (တကယ်ကျတော့လည်း ဘာမှ အလုပ်ဖြစ်ကြသေးတာ မဟုတ်ပါဘူး) ကိုက ရန်သူ အကြိုက် အခြေအနေဖြစ်နေတယ်။
    လူထုကတော့ အချိန်တန်တဲ့အခါတိုင်း လူထုတာဝန်ကို အမြဲကျေပွန်နေကြပါပဲ။ အဲဒီအတွက် လူထုကို လုံးဝဥဿန် ယုံကြည်ထားစေချင်ပါတယ်။ အရေးကြီးတာက လူထုလျှောက်လှမ်းနိုင်ဖို့ လမ်းစဉ်နဲ့ ခေါင်းဆောင်မှုကို ဖန်တီးပေးနိုင်မဲ့ မျိုးဆက်တွေ ပြည်တွင်း ပြည်ပကနေ ခပ်များများထွက်ပေါ်လာဖို့ လိုပါတယ်။ ဒါမှလည်း ငါတို့အားလုံး စပါတားကပ်စ်တွေချည့်ပဲလို့ ကြွေးကြော်နိုင်မဲ့ အခြေအနေ အာဏာရှင်ကို မြောင်းထဲဆွဲချနိုင်မဲ့ အနေအထားရောက်လာမှာပါ။
    အထူးသဖြင့် ပြည်ပရောက် အတိုက်အခံအင်အားစုတွေစုစည်း ညီညွတ်နိုင်ဖို့နဲ့ ပြည်တွင်း ပြည်ပအချိတ်အဆက်မိမိ လှုပ်ရှားနိုင်ဖို့ အရေးအကြီးဆုံးလို့ပဲ ထင်မြင်မိပါတယ်။ ခုချိန်ထိတော့ အဲဒီလို အဆင့်ကို ရောက်နိုင်ဖို့ တော်တော်လေးရုန်းကန်နေရတုန်းပါပဲ။ အထက်က စကားအတိုင်းပြောရရင်တော့ ပြည်ပအတိုက်အခံ အနေအထားက လက်ညှိုးကို အနိုင်နိုင် မ နေရတယ်ဆိုတာ ၂၀၀၇ ရွှေဝါရောင်နောက်ပိုင်း နောက်ဆက်တွဲ ကဏ္ဍကိုကြည့်ရင် အသေအချာ မြင်နိုင်ပါတယ်။
    ကျွန်တော်တို့အားလုံး တသွေးတည်းဖြစ်ရုံမက တစ်သံတည်း ထွက်နိုင်မှ တစ်မိန့်ခံ စစ်အာဏာရှင်တပ်တွေကို အနိုင်ယူနိုင်မှာပါ။
    လေးစားခင်မင်လျက်
    မောင်ဖုန်း

    ReplyDelete